ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သင်ခန်းစာဆွေးနွေးပို့ချ


Date : 10 November, 2018

11

GIFMaker.org_wZbG4R

ရန်ကုန် နိုဝင်ဘာ ၁၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် ယနေ့ နေ့လယ်(၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ် ကျင်းပသည့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၈/၂၀၁၈)သို့ သင်ခန်းစာဆွေးနွေးပို့ချသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် လူ့စွမ်းအားအရင်း အမြစ်များကို ပြုစုပျိုးထောင်လျက်ရှိပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးတွင် အဓိကအရေးအကြီးဆုံးသည် အခြေခံပညာရေးဖြစ် ပါကြောင်း၊ မွေးဖွားလာသည့် အချိန်မှစ၍ ဘဝတစ်လျှောက်လုံး သင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် ဘဝရပ်တည်မှုအတွက် လိုအပ်သောကျွမ်းကျင်မှုများရှိရန် လိုအပ်ပါကြောင်း၊ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် တစ်ဦး တစ်ယောက်တည်း ရပ်တည်ရန်မဖြစ်နိုင်သည့်အတွက် အားလုံး ပူးပေါင်းဆောင်ရွက်တတ်သည့် အသင်းအဖွဲ့စိတ်ဓာတ်များ ကို မွေးမြူရန်လိုအပ်ပြီး ငြိမ်းချမ်းမှုကိုဦးတည်သည့် လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်ရ မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဘဝတစ်လျှောက်လုံး သင်ယူမှုအခွင့်အလမ်းများရှိရန်၊ အထူးပြု ဘာသာရပ် နည်းနည်းကို နက်နက်နဲနဲသင်ယူနိုင်ရန်နှင့် ကျွမ်းကျင်မှုရှိရန် သင်တန်းများဖွင့်လှစ်ပေးပြီး များများလေ့ကျင့်ပေး ရမည်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် သင်ယူလေ့လာသည့် ဘာသာရပ်များပေါ် မည်မျှမှတ်သားနိုင်သည်၊ နားလည်နိုင်သည်၊ အသုံးချနိုင်သည်၊ သုံးသပ်ခွဲခြားနိုင်သည်၊ စိစစ်အကဲဖြတ် နိုင်သည်၊ တီထွင်ဖန်တီးနိုင်သည်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သဖြင့် ဖတ်ရှုပြီးသည့် စာအုပ်များနှင့် ဘာသာရပ် အပေါ်နားလည်မှုများကို ပြန်လည်သုံးသပ်ပြီး ကိုယ်ပိုင်တွေးခေါ် သုံးသပ်မှုကိုလုပ်နိုင်ရန် သင်ကြား သင်ယူလေ့ကျင့်ပေးရ မည်ဖြစ်ပါကြောင်း၊ ပညာရေးကိုရင်းနှီးမြှုပ်နှံရာတွင် သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲ ဖြည့်ဆည်းခြင်း၊ သင်ထောက်ကူ ပစ္စည်းများဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်များဖြည့် ဆည်းခြင်းများကို ဆောင်ရွက်ပြီး အရည်အသွေးရှိသော ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသောပညာရေးဖြစ်ရန် ဆရာ ဆရာမများ၏ အရည်အသွေး အပေါ်တွင်မူတည်ပြီး ဆရာ ဆရာမများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုများသည် အရေးကြီးပါကြောင်း၊ ဘဝတစ်သက်တာ သင်ယူမှုသည်လည်း အရေးကြီးသဖြင့် များများသင်ယူရန် လိုအပ်ပါကြောင်း၊ မတူကွဲပြားမှုများကိုလည်း အပြန်အလှန် လေးစားမှုရှိလာစေရန် သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ရန် စိတ်ဓာတ်စည်းကမ်း များကောင်းမွန်ရန် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ မူလတန်း ပညာရေးသည် အခြေခံပညာရေး၏အရေးအကြီးဆုံး အုတ်မြစ်ဖြစ်သဖြင့် မူလတန်းပြ ဆရာ ဆရာမများသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသည့် အရည်အသွေးမြင့်ဆရာ ဆရာမများဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိဘဆရာအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့်ပြော ကြားသည်။

ထို့နောက် သင်တန်သား သင်တန်းသူ ဆရာ ဆရာမကြီးများက ကျောင်းကျန်းမာရေးကိစ္စရပ်များ၊ ကျောင်းအဆင့်တိုးကိစ္စရပ်များ၊ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များ၊ စာမေးပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း ၍ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိူးသိမ်းကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားသည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလယ်တန်းကျောင်းအုပ်နှင့် အထက်တန်းကျောင်းအုပ် သင်တန်း သား သင်တန်းသူ(၃၀ဝ) ဦးတက်ရောက်လျက်ရှိပြီးမှာ နိုဝင်ဘာလ (၄)ရက်မှ နိုဝင်ဘာလ(၂၄)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချလျက် ရှိသည်။



Bookmark the permalink.

Comments are closed.