ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး ၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့ ကြည့်ရှုအားပေး


Date : 17 November, 2018

5

GIFMaker.org_pDeRTP

နေပြည်တော် နိုဝင်ဘာ ၁၆

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တိုင်းဒေသကြီးအတွင်းမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာန၊ တက္ကသိုလ်၊ ကောလိပ်များမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းခွဲ၊ခရိုင်၊မြို့နယ် ပညာရေးမှူးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၁၆-၁၁-၂၀၁၈ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပေါင်းတည်၊ လက်ပံတန်း၊ သာယာဝတီမြို့နယ်များရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ် အမက-နတ်ပုတီး စာသင်ဝိုင်းသို့သွားရောက်၍ စာသင်သားများ သင်ကြားသင်ယူဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ စာရေးကိရိယာများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပေါင်းတည်မြို့နယ် အလက-ဘွဲ့ပင်ကန် စာသင်ဝိုင်း၊ လက်ပံတန်းမြို့နယ် ကျွန်းကလေး(ရပ်/ကျေးရုံး) စာသင်ဝိုင်းနှင့် အမက-ချမ်းသာကုန်းစာသင်ဝိုင်း၊ သာယာဝတီမြို့နယ်ရှိ အမက-ကျွဲသတ်ကြီး စာသင်ဝိုင်း၊ အမက-ဂွေးချောင်း စာသင်ဝိုင်းနှင့် အထက(၁) သာယာဝတီ(ဓမ္မာရုံ) စာသင်ဝိုင်းများသို့ သွားရောက် ကြည့်ရှုကာ စာသင်သားများအား စာသင်ကာလအတွင်း အခြေခံစာတတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ အခြေခံစာတတ်မြောက်ပြီးပါက မိမိတို့ လူမှုဘဝ စီးပွားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့လာမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း စဉ်ဆက်ပညာရေးနှင့် မိမိတို့ဝါသနာပါရာ သက်မွေးပညာရေးလုပ်ငန်းစဉ်များကို ချောမွေ့လွယ်ကူစွာ ဆက်လက်ဆည်းပူး နိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများအတွက် ပူးပေါင်းပါဝင်ကူညီ အားဖြည့်ဆောင်ရွက်ပေးကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနများမှ တာဝန်ရှိသူများ၊ စေတနာရှင် လုပ်အားပေးကြီးကြပ်နှင့် နည်းပြများရပ်မိရပ်ဖများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ စာသင်ကာလပြီးဆုံးသည်ထိ ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း စသည်ဖြင့် မှာကြားသည်။

၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ လက်ပံတန်းနှင့် သာယာဝတီ (၅)မြို့နယ်တွင် အောက်တိုဘာလ (၁၆) ရက်မှ နိုဝင်ဘာလ(၂၄) ရက်နေ့အထိရက်ပေါင်း (၄၀)အတွင်း စာသင်ဝိုင်း(၁၉၈)ဝိုင်းမှ စာသင်သား(၂၀၅၅) ဦးအားစေတနာရှင် လုပ်အားပေးနည်းပြနှင့် ကြီးကြပ်(၄၀၈) ဦးတို့က သင်ကြားပေးနေကြသည်။ စာသင်သားများအား အရေး၊အဖတ်၊ အတွက် သင်တန်းသုံး စာအုပ်များအပြင် သင်တန်းပြီးသည့်အခါ ဆက်လက်ဖတ်ရှု လေ့လာနိုင်ရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး ဘဝသာယာရေး ဝင်ငွေတိုးလုပ်ငန်းများဆိုင်ရာ စာစဉ်များကိုလည်း ပေးအပ်ထားကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.