အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)၏ လေးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ Job Fair နှင့် Project ပြပွဲ အခမ်းအနားကျင်းပ


Date : 18 November, 2018

1

GIFMaker.org_L0IPn9

နေပြည်တော် နိုဝင်ဘာ ၁၈

အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)၏ လေးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ Job Fair နှင့် Project ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလှမိုး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်တို့က လေးထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်းနှင့် ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်တို့က သတ်မှတ်နေရာများတွင် အမှတ်တရကံ့ကော်ပင်များအား စိုက်ပျိုးကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပထမတန်းစား နည်းပညာနှင့် သက်မွေးပညာရေးစနစ် ဖြစ်လာစေရေး ဆောင်ရွက်ကြရန် လိုအပ်သည်ကို လမ်းညွှန်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နည်းပညာနှင့်သက်မွေး ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းပြည်၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် အဓိကအချက်သည် တိုင်းပြည်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ကျွမ်းကျင်နည်းပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် လေ့ကျင့်ပေးရန်နှင့် ပြုစုပျိုးထောင်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)အား ရေးဆွဲချမှတ်ခဲ့ပြီး အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍနှင့် နည်းပညာနှင့် သက်မွေးပညာကဏ္ဍတို့တွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် လာစေရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူလျက်ရှိ သည့် ကျောင်းသားကျောင်းသူများ အနေဖြင့် သီအိုရီဖြင့်လက်တွေ့ပေါင်းစပ်ပြီး စီးပွားရေးအတွေးအမြင်များ၊ ဗဟုသုတများ၊ နည်းပညာနှင့် သက်မွေးပညာရပ်များကို လက်တွေ့အသုံးချဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကကဏ္ဍဖြင့်ချိတ်ဆက်ပြီး သင်ကြားနိုင်ပါက TVET ပညာရေးတွင် များစွာအကျိုးရှိ မည်ဖြစ်ပါကြောင်း။

ထို့ပြင် ခရီးသွားဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့အပြင် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ ကြိုးပမ်းအားထုတ်မှုနှင့်အတူ စက်မှုလုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)တွင် အောင်မြင်ပြီးမြောက် သွားသည့် ကျောင်းသား ကျောင်းသူများကို ဘာသာရပ်နှင့် ဆက်နွှယ်သော အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ချိတ်ဆက်ရရှိလာနိုင်ရန်နှင့် စက်မှုလုပ်ငန်းရှင်များ၏ Product များကို တစ်နေရာထည်းတွင် ကျောင်းသားများကို လေ့လာနိုင် စေရန်အတွက် ယခုကဲ့သို့ Job Fair များဆောင်ရွက်ပေးနိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ TVET ပညာရေး၏ အဓိကအချက်သည် ကျောင်းနှင့်စက်မှုလုပ်ငန်းတို့ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက် နိုင်မှုပင်ဖြစ်ပါ ကြောင်း၊ ကျောင်း၏လိုအပ်ချက်၊ စက်ရုံအလုပ်ရုံများ၏ လိုအပ်ချက်များကို အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်မှသာ သက်မွေးပညာရေး အောင်မြင်နိုင်မည် ဖြစ်သကဲ့သို့ စက်ရုံအလုပ်ရုံများ အနေဖြင့်လည်း လိုအပ်သည့် ကျွမ်းကျင်မှုများ၊ လုပ်ငန်းခွင်များတွင် လိုအပ်သော အရည်အချင်းပြည့်ဝသည့် နည်းပညာရှင်များ နှင့်ကျွမ်းကျင် လုပ်အားများကို ရရှိနိုင်ပြီး မိမိတို့၏လုပ်ငန်းများ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ကျောင်းသား ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်နှင့် ကျွမ်းကျင်မှုများအား လုပ်ငန်းရှင်များ သိရှိလာစေရန် ကျင်းပပြုလုပ်သည့် Job Fair နှင့် Project Show ပြပွဲများမှ မိမိတို့ဒေသနှင့် လူ့အဖွဲ့အစည်းကိုအကျိုးပြုနိုင်သည့် Project များ ပြုလုပ်ကြစေလိုကြောင်းနှင့် ယခုဖွင့်လှစ်သည့် လေးထပ်ကျောင်းမှ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Save The Environment Project တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် GIZ Myanmar မှ တာဝန်ရှိသူတစ်ဦး၊ ဆရာ ဆရာမများကိုယ်စား ဆရာ(၁)ဦးနှင့် ကျောင်းသား ကိုယ်စား ကျောင်းသား(၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် Job Fair နှင့် Project Show များတွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ မဟာအောင်မြေ၊ အမှတ်(၁၃)အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းနိုင်ရေး လှည့်လှည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.