အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ရာထူးတိုးပြောင်းလျှောက်ထားသူများ၏ စွမ်းဆောင်ရည်ရမှတ်များ စိစစ်အတည်ပြု


Date : 17 November, 2018

DSC_5635

GIFMaker.org_Q7JR6r

နေပြည်တော် နိုဝင်ဘာ ၁၇

အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ရာထူးတိုးပြောင်းလျှောက်ထားသူများ၏ စွမ်းဆောင်ရည်ရမှတ်များ စိစစ်အတည်ပြုခြင်းကို ၁၅၊၁၁၊၂၀၁၈ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၃)၊ သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်များ၏ အသက်သွေးကြောသည် သုတေသနပင်ဖြစ်ကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ယှဉ်ပြိုင်လျှင်လည်း သုတေသနစာတမ်း ဘယ်လောက်ရေးသား ပြုစုနိုင်မှုဖြင့်သာ အဓိကယှဉ်ပြိုင်ကြောင်း၊ ပညာရေးစနစ်တွင် သုတေသနအပေါ်တွင် အခြေခံ၍ တက္ကသိုလ် ကျောင်းသားကျောင်းသူများကို လက်တွေ့နယ်ပယ်နှင့် နီးစပ်အောင် သင်ကြားသင်ယူခြင်းကို ဆောင်ရွက်ပေးနေသော ဆရာဆရာမများကသာ အရည်အသွေးရှိသော ဘွဲ့ရများ မွေးထုတ်နိုင်မှာဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရှိ မည်သည့်တက္ကသိုလ်၊ မည့်သည့်သုတေသနဂျာနယ်၊ စာစောင်များတွင်မဆို ရေးသားသော သုတေသန စာတမ်းများကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အားပေးမြှင့်တင် အသိအမှတ်ပြုကြောင်း၊ လုပ်သက်ရမှတ်ကို ဦးစားပေးမယ် သို့သော်ဘက်လိုက်မှုမရှိဘဲ သုတေသန အားကောင်းသူများကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် သုတေသနအားကောင်းမှသာလျှင် နိုင်ငံဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း၊ သမိုင်း၊ မြန်မာစာ၊ ပထဝီ၊ ဘူမိဗေဒ၊ ရှေးဟောင်းသုတေသန၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ အရှေ့တိုင်းပညာစသည့် ဘာသာရပ်များသည် သုတေသနများလုပ်၍ရသော ဘာသာရပ်များဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့တက္ကသိုလ်များ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်အတွက် သုတေသနများကိုလည်း များများလုပ်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများကို Deep Learning နက်နက် နဲနဲသင်ယူနိုင်အောင် သင်ကြားသင်ယူလေ့ကျင့်ရန် တိုက်တွန်းပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ရာထူးတိုး/ပြောင်းကိစ္စများ ဆောင်ရွက်ရန် အတွက် အမှတ်ပေးစည်းမျဉ်းနှင့် လုပ်ငန်းစဉ်များကို တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ဆရာများအဖွဲ့ချုပ်တို့မှ ဆရာ၊ ဆရာမများစုစုပေါင်း (၅၄၄)ဦးအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော တက္ကသိုလ်များမှ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဆရာများအဖွဲ့ချုပ်တို့မှ ဆရာ၊ ဆရာမများက သုတေသနစာတမ်းများအား သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း စိစစ်အတည်ပြုကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.