ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် တက္ကသိုလ် လက်ရွေးစဉ် အားကစားသမားများနှင့်တွေ့ဆုံ


Date : 21 November, 2018

2

GIFMaker.org_nNKScq

နေပြည်တော် နိုဝင်ဘာ ၂၁

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် တက္ကသိုလ် လက်ရွေးစဉ် အားကစားသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၁-၁၁-၂၀၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကျန်းမာကြံခိုင်ပြီး အရည်သွေး ရှိသော ဘွဲ့ရလူငယ်မောင်မယ်များကို တက္ကသိုလ်များမှ မွေးထုတ်ပေးနိုင်ရန်နှင့် တည်ငြိမ်ရင့်ကျက်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံ့ကိုယ်စားပြု ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် အားကစားနှင့်ပညာရေးပေါင်းစပ်၍ အဆင့်မြင့်ပညာကဏ္ဍတွင်သာမက အခြေခံပညာကဏ္ဍများတွင်လည်း အားပေးဆောင်ရွက်နေပါကြောင်း၊ အရှေတောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games-AUG) ကို ၁၉၈၁ ခုနှစ်က စတင်၍ နှစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့ရာ ယခု ၂၀၁၈ ခုနှစ် တွင် (၁၉) ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း။

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ကိုယ်တိုင် ဦးစီးနာကယအဖြစ်ဆောင်ရွက်ပြီး လုပ်ငန်းကော်မတီ (၁၆)ခုနှင့် ဆပ်ကော်မတီ (၁၈) ခုဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း အားကစားပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လက်ရှိဘဏ္ဍာနှစ်တွင် ခွဲဝေချထားခဲ့ပြီးဖြစ်ပါကြောင်း၊ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် အနှစ်(၂၀)တွင်မှ တစ်ကြိမ်သာအခွင့်အလမ်းရရှိနိုင်ကြောင်း၊ ယခုအိမ်ရှင်အဖြစ် အားကစားအမျိုးအစား(၁၇) မျိုးထည့်သွင်းကျင်းပမည်ဖြစ်ပြီး အားကစားအမျိုးအစား အားလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်မှုများရရှိရေးအတွက် အားကစားမောင်မယ်များတွင် အခွင့်အလမ်းများရှိနေပါကြောင်း၊ အားလုံးဝိုင်းဝန်းကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

အာဆီယံတက္ကသိုလ်များမှ အားကစားသမားများ (၂၀၀၀) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် အာဆီယံနိုင်ငံအချင်းချင်း အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေး၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများအချင်းချင်း ပညာရပ်အတွေ့အကြုံများနှင့် ယဉ်ကျေးမှုများကို ဖလှယ်ခွင့်ရရှိစေရေးဆိုသည့် အချက်ကိုလည်း သတိထားယှဉ်ပြိုင်ကြဖို့ လိုအပ်ပါကြောင်း၊ အားကစား ပြိုင်ပွဲများကိုကြည့်၍ နိုင်ငံတစ်နိုင်ငံ၏ပုံရိပ်(Image) ကို ခန့်မှန်းကြသည်ဖြစ်ရာ အောင်နိုင်ရေး တစ်ခုတည်းကိုသာ အဓိကမထားဘဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် သန့်သန့်ရှင်းရှင်း မှန်မှန်ကန်ကန် ပါဝင်ယှဉ်ပြိုင် ကြဖို့လိုအပ်ပါကြောင်း၊ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မြန်မာနိုင်ငံတက္ကသိုလ်များ အားကစားအသင်း အောင်နိုင်မှု ရရှိရေးအတွက် မောင်တို့မယ်တို့အနေဖြင့် အနိုင်မခံအ‌ရှုံးမပေးစိတ်ဓာတ်ဖြင့် ကြိုးစားကြရမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက အားပေးစကား ပြောကြားကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.