အဆင့်မြင့်ပညာရေးဆိုင်ရာလုပ်ငန်းများညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 24 November, 2018

1

 

GIFMaker.org_ebcTLR

နေပြည်တော် နိုဝင်ဘာ ၂၃

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀) နာရီတွင် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များကော်မတီမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အဆင့်မြင့်ပညာကဏ္ဍရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် ပတ်သက်သော သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ (၂၀၁၄)နှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၅)၌ အဆင့်မြင့်ပညာရေးဆိုသည်မှာ အခြေခံပညာရေး၏ အမြင့်ဆုံးအဆင့် သို့မဟုတ် ယင်းနှင့်တူညီသောအဆင့် အောင်မြင်ပြီးသူများကို အမျိုးသားပညာရေးမူဝါဒကော်မရှင်က အသိအမှတ်ပြုထားသည့် ကျောင်းတစ်ခုခုမှ လေ့ကျင့် သင်ကြားပေးထားသော ပညာရေးဟုဖော်ပြ ထားပါကြောင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်သည် အဆင့်မြင့် ပညာရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ရန် သင့်လျော်သောပုဂ္ဂိုလ်များဖြင့် လွတ်လပ်စွာ ရပ်တည်သော ကော်မတီတစ်ခုကို ဖွဲ့စည်းပေးနိုင်သည်ဟုပုဒ်မ (၂၇)တွင်ဖော်ပြထားပါကြောင်း၊ ထိုဥပဒေနှင့်အညီ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကောလိပ်၏ လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ ကျောင်းများ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် တတိယမြောက် ကော်မတီဖြစ်သော ပါမောက္ခချုပ်များကော်မတီကို ၆-၄-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း။

တက္ကသိုလ်ကောင်စီသည်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ၎င်းတို့နှင့် အဆင့်တူညီသောပုဂ္ဂိုလ်များ၊ မဟာဌာနမှူးများ၊ ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာများ၊ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်များ၊ အများယုံကြည် လေးစားသည့် ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်ပညာရှင်များ အပါအဝင် သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းအရ ဖွဲ့စည်းသည့် ကောင်စီဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြား၊ သင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ သုတေသနနှင့် ပညာရပ်ဖွံ့ဖြိုးမှုကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး တက္ကသိုလ်၏ စီမံခန့်ခွဲရေးကို တက္ကသိုလ်ကောင်စီက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားပညာရေးဥပဒေပုဒ်မ (၆၄) အရ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသည် ကိုယ်ပိုင်ရန်ပုံငွေ ရှာဖွေထူထောင်ဆောင်ရွက်ခွင့် ရှိပါကြောင်း။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်(၁၇၆)ကျောင်း၌ ကျောင်းသားဦးရေ (၉၇၈၉၃၅) ဦးရှိပြီး ဘွဲ့ရဦးရေ (၁၂၀၅၈၁) ဦးကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာအဆင့်မြှင့်တင်နိုင်ရေး၊ နိုင်ငံတကာအဆင့်မီရေးအတွက် ကျောင်းသားများ၊ ဆရာများ၊ ပါမောက္ခများ၊ ပါမောက္ခချုပ်များ၊ မိဘများ၊ ကျောင်းသားဟောင်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ လုပ်ငန်းအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အစိုးရအပါအဝင် အားလုံးက ပြုပြင်ပြောင်းလဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်(၁၂)ကျောင်းမှ စတင်၍ တာဝန်ယူတာဝန်ခံနိုင်သည့် တက္ကသိုလ်ဖွဲ့စည်းပုံများနှင့် လိုက်လျော ညီထွေရှိသော တက္ကသိုလ်ကောင်စီများ၊ တက္ကသိုလ်အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်၍ ကိုယ်ပိုင်စီမံခန့်ခွဲသော စနစ်သို့ ဦးတည်ပြုပြင်ပြောင်းလဲရန် အားပေးကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် တက္ကသိုလ်များ Research Network ထူထောင်နိုင်ရေး၊ စီမံခန့်ခွဲရေးနှင့် စာရင်းစစ်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလိုပါကြောင်း၊ သို့မှသာ သွက်လက်မြန်ဆန်မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိပြီး နိုင်ငံတကာ အဆင့်မီသည့် အဆင့်မြင့်ပညာရေးကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ်များကော်မတီဥက္ကဌ ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဥက္ကဌ ဒေါက်တာဆင့်စိုးတို့က ပါမောက္ခချုပ်များကော်မတီ၏ ဖွဲ့စည်းပုံလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆွေးနွေးအကြံပြုကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.