၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကျင်းပ


Date : 25 November, 2018

2

GIFMaker.org_MOorcN

နေပြည်တော် နိုဝင်ဘာ ၂၅

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းကို ၂၅-၁၁-၂၀၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းများပိုမိုပါဝင်လာမည်ဟု သိရှိရပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများသည် ၂၀၁၅ ခုနှစ်တွင် (၆၃၂၃၁၄)ဦး၊ ၂၀၁၆ ခုနှစ်တွင် (၆၇၁၄၃၁)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၇၆၇၄၂၂) ဦးနှင့် ၂၀၁၈ ခုနှစ်တွင် (၈၄၄၃၅၈)ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူ (၈၉၆၀၁၂)ဦး စာရင်းပေးသွင်းထားသဖြင့် (၂၅၀ဝ၀ဝ) ကျော် ပိုများလာပါကြောင်း၊ စာစစ်ဌာနများကိုလည်း ၂၀၁၅ ခုနှစ်၌ (၁၃၇၆)ခု၊ ၂၀၁၆ ခုနှစ်၌ (၁၄၇၀)ခု၊ ၂၀၁၇ ခုနှစ်တွင်(၁၅၉၄)ခု၊ ၂၀၁၈ ခုနှစ်တွင် (၁၇၄၂)ခုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁၈၈၁)ခုအထိ တိုးမြှင့်၍ စာမေးပွဲဖြေဆိုသူများ ပိုမိုအဆင်ပြေနိုင်ဆုံး ဖြစ်ရန်အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီမှုအရ တိုးချဲ့ဆောင်ရွက်ပေးထားပါကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် စာမေးပွဲခန်း ကြီးကြပ်မည့် ဆရာဆရာမများ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံးအထိ အကောင်းဆုံး ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်မည့်သူများအား ဘက်မလိုက်ဘဲ မျှတစွာ တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့ လက်ဆင့်ကမ်းအပ်နှံ ဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာဆရာမ အရေအတွက်ဖြင့် တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီးသော ဆရာဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများနှင့် ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများအား စာစစ်တာဝန်ပေးခြင်းမပြုရန်နှင့် ဘာသာရပ်နှင့် ကိုက်ညီသော အထက်တန်းပြ လုပ်သက်(၂)နှစ် အထက်ရှိသည့် ဆရာဆရာမများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ တာဝန်ပေးရန်နှင့် ပျက်ကွက်မှုမရှိအောင် အလေးထားပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်း စသည်ဖြင့် ပြောကြား သည်။

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေး ဖြေကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်နှင့် တာဝန်ရှိသူများက ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချကြသည်။ အဆိုပါဆွေးနွေးပွဲသင်တန်းကို ၂၅-၁၁-၂၀၁၈ ရက်မှ ၂၇-၁၁-၂၀၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ချင်း(ပလက်ဝ) တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆရာဆရာမစုစုပေါင်း ၁၀၆၇ ဦး တက်ရောက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပြဋ္ဌာန်းသင်ကြားမည့် Grade-10 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များရေးသားပြုစုရေးနှင့် စပ်လျဉ်းသည့်အစည်းအဝေးသို့ တက်ရောက်၍ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့်သင်ရိုးရေးဆွဲရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.