၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်းဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ


Date : 25 November, 2018

????????????????????????????????????

GIFMaker.org_arkEZD

နေပြည်တော် နိုဝင်ဘာ ၂၅

၂၀၁၈ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေး ဝိုင်းကူပေး ယိမ်းအကဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေခွင့်ရရှိရေး၊ ကျောင်းထွက်သူ ပပျောက်ရေး၊ အရည်သွေးပြည့်ပညာ ရရှိရေးတို့အတွက် ဆရာဆရာမများအနေဖြင့် ဝိုင်းဝန်းကူညီ ပေးကြစေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ လက်ပံတန်းနှင့် သာယာဝတီ (၅)မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုကို အောက်တိုဘာလ (၁၆) ရက်မှ နိုဝင်ဘာလ(၂၄) ရက်နေ့အထိ ရက်ပေါင်း (၄၀)ကြာအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တက္ကသိုလ်နှင့် ပြည်ပညာရေးကောလိပ်တို့မှ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၏ စေတနာလုပ်အားဖြင့် စာသင်သား(၂၀၅၅)ဦးကို စာသင်ဝိုင်း(၁၉၄)ဝိုင်းဖွဲ့ သင်ကြားခဲ့ကြောင်း၊ အခြေခံစာတတ်မြောက်ရေး ကာလအတွင်း သင်ကြားသင်ယူတတ်မြောက်ပြီးဖြစ်သော အခြေခံအရေးအဖတ် အတွက်မှစတင်၍ စာပေများမှရရှိသော အသိပညာဗဟုသုတများကတစ်ဆင့် မိမိတို့၏ဘဝလူနေမှု အဆင့်အတန်းမြှင့်တင်နိုင်ခြင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ခြင်းများကို ရရှိစေမှာ ဖြစ်ပါကြောင်း။

၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ပြီးမြောက်ဖို့အတွက် အဖက်ဖက်က ကူညီပံ့ပိုးပေးကြပါသော တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံစာတတ်မြောက်ရေး ကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊အထူးသဖြင့် လုပ်အားဒါနပြုကြသော ပြည်တက္ကသိုလ်၊ ကောလိပ်များမှ လုပ်အားပေး ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာများ အားလုံးကိုပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာဇော်ဝင်းက ကျေးဇူးတင်ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် ပြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)မှ ကျောင်းသားကျောင်းသူများက ဗုဒ္ဓပူဇနိယသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်ယူပြီးမြောက်ခြင်းလက်မှတ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် စာသင်သား ကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပြီး ပြည်မြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ အလက(၂)မှ ကျောင်းသားကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် ကပြသီဆိုကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက အခြေခံပညာ ကျောင်းသားကျောင်းသူ အကအဖွဲ့(၃)ဖွဲ့မှ ကိုယ်စားလှယ်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း လှုပ်ရှားမှုပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ခရိုင် မြို့နယ်ပညာရေးမှူးများ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ပြည်တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.