အမျိုးသားစံချိန်စံညွှန်းကောင်စီ (၁/၂၀၁၈) အစည်းအဝေးကျင်းပ


Date : 27 November, 2018

DSC-7280

GIFMaker.org_06hRRx

နေပြည်တော် နိုဝင်ဘာ ၂၇

အမျိုးသားစံချိန်စံညွှန်းကောင်စီ (၁/၂၀၁၈) အစည်းအဝေးကို ၂၇-၁၁-၂၀၁၈ ရက်နေ့ နံနက် ၁၀နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ အခန်း(၃)၊ ပုဒ်မ (၅)ပါ ကောင်စီ၏ တာဝန်များဖြစ်သော နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန်ကဏ္ဍဆိုင်ရာ အထောက်အကူပြု စံချိန်စံညွှန်းများ၊ ပြည်သူ့ကျန်းမာရေး၊ အစားအသောက်နှင့်‌သဘာဝပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေးစသည့် နယ်ပယ်အသီးသီးအတွက် လိုအပ်နေသော စံချိန်စံညွှန်းများကို မြန်မာစံချိန်စံညွှန်းများအဖြစ် အတည်ပြုနိုင်ရေး၊ စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုကို စစ်ဆေးပေးသည့် ဓါတ်ခွဲခန်းများအပါအဝင် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ၏ ကျွမ်းကျင်မှုကို စစ်ဆေးပေးမည့် အသိအမှတ်ပြုခြင်း (Accreditation) ကဏ္ဍအား ပံ့ပိုးဖြည့်ဆည်းပေးရေးစသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကာ အကြံပြုချက်များ၊ ဆုံးဖြတ်ချက်များရယူနိုင်ရန် အစည်းအဝေး ခေါ်ယူခြင်းဖြစ်ပါကြောင်း။

နိုင်ငံတကာ၌ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းတွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများအားလုံး လိုက်နာကြရသော Committee on Conformity Assessment Standards (CASCO) စံချိန်စံညွှန်းများ၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများ၊ e-government စနစ်အတွက် အရေးပါသော Unicode စံချိန်စံညွှန်းများ၊ သောက်သုံးရေ၊ ဟင်းသီးဟင်းရွက်ဆီစသည့် အရေးပါသော စံချိန်စံညွှန်းများ ပါဝင်လာပါကြောင်း၊ အာဆီယံနိုင်ငံများအကြား တစ်ပြေးညီစံချိန်စံညွှန်းများ ပေါ်ပေါက်ရေး၊ အဆိုပါစံချိန်စံညွှန်းများကို အခြေခံထားသော အရည်အသွေးကိုက်ညီမှု စစ်ဆေးသည့် နည်းလမ်းများတူညီရန် တစ်ပြေးညီစံချိန်စံညွှန်းများကို အခြေခံထားသော Regulatory Regime များပေါ်ပေါက်လာရန် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီ (ASEAN Consultative Committee on Standards and Quality- ACCSQ) ၏ Country Focal အဖြစ်ပါဝင်ခဲ့ပြီး ကောင်စီဝင်များအဖြစ် ပါဝင်ကြသော ဝန်ကြီးဌာနအသီးသီး၏ သက်ဆိုင်ရာဦးစီးဌာနများကလည်း (ACCSQ)၏ ထုတ်ကုန်လုပ်ငန်းအဖွဲ့ Product Working Group များတွင် လိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံနှင့်တစ်ပြေးညီ စံချိန်စံညွှန်းများကို ကိုးကားသော မြန်မာစံချိန်စံညွှန်းများအပြင် နယ်ပယ်အသီးသီးအတွက် လိုအပ်မည့် စံချိန်စံညွှန်းများကို ထပ်မံထုတ်ဖော်သွားရန် လိုအပ်လျှက်ရှိပါကြောင်း၊ အတည်ပြုချမှတ်ပြီးသည့် စံချိန်စံညွှန်းများကို လက်တွေ့နယ်ပယ်အသီးသီးတွင် ကျင့်သုံးနိုင်ရန် လိုအပ်ပါကြောင်း၊ ခေတ်စနစ်နှင့်အညီ ပြောင်းလဲကျင့်သုံးနေရသော နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းနှင့် လိုင်စင်ထောက်ခံချက်ပေးခြင်းများစသည့် လုပ်ငန်းများတွင် ကိုးကားဖော်ပြရမည့် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း နည်းလမ်းများနှင့် စံချိန်စံနှုန်းသတ်မှတ်ခြင်းများကို ထည့်သွင်းအသုံးပြုကြရန် တိုက်တွန်းလိုပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ပါဝင်ကြသည့် ကောင်စီဝင်များအနေဖြင့် အမျိုးသားပို့ကုန်မြှင့်တင်ရေးမဟာဗျူဟာပါ ဦးစားပေးနယ်ပယ် အသီးသီးအပြင် အခြားလိုအပ်လျှက်ရှိသော နယ်ပယ်များအတွက် စံချိန်စံညွှန်းများဖော်ထုတ်ပေးခြင်း၊ စံချိန်စံညွှန်းများကို လက်တွေ့နယ်ပယ်ထဲတွင် အထောက်အကူပြုနိုင်ရေးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးနိုင်ရေးအတွက် အရည်အသွေးမြှင့် တန်ဘိုးမြင့်ထုတ်ကုန်များ တင်ပို့ကြရန်လိုပါကြောင်း၊ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ အနေဖြင့် မြန်မာနိုင်ငံ၏ အရည်အသွေးရှိသော အခြေခံအဆောက်အအုံ ထူထောင်ရာတွင် လိုအပ်သောကဏ္ဍအသီးသီးနှင့် ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင် လေ့ကျင့်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

 



Bookmark the permalink.

Comments are closed.