ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနား တက်ရောက်


Date : 30 November, 2018

1

GIFMaker.org_fUBuSa

နေပြည်တော် နိုဝင်ဘာ ၃၀

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။

အခမ်းအနားသို့ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အလှူရှင်များ၊ မြန်မာတက္ကသိုလ်အားကစား အဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား မောင်/မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေအား (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများက အဖွဲ့အလိုက် မိတ်ဆက်ဂါရဝပြုကြသည်။

ထို့နောက် ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက် အထိ (၁၀)ရက်ကြာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည် ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ဂုဏ်ယူရမည့် သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ပါကြောင်း။

ယခုကျင်းပမည့် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၂၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရပြီး အားကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂၀၁ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် အုပ်ချုပ်သူ/ နည်းပြ ၁၀၄ ဦး၊ အားကစားသမား ၃၅၄ ဦး၊ စုစုပေါင်း ၄၅၈ ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့ အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် တက်ညီ လက်ညီနှင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြ မည်ဆိုပါက မြန်မာတက္ကသိုလ်အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုထွန်းတောက် မှတ်တမ်းတင်သွားနိုင်မည်ဖြစ်ပါကြောင်း။

အားကစားပြိုင်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှုကို ပီပြင်စွာဖော်ထုတ် ပြသနိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်သကဲ့သို့ ထိရောက်ကောင်းမွန်သည့် သံတမန် လမ်းကြောင်း တစ်ခုလည်းဖြစ်ပါကြောင်း၊ အားကစားလှုပ်ရှားမှုများ မှတစ်ဆင့် အာဆီယံနိုင်ငံများအကြား အပြန်အလှန်နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ပြီး အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း “လူငယ်နှင့် ချစ်ကြည်ရေး (Youth and Friendship)” ဟူသည့် ဆောင်ပုဒ်ကို ချမှတ်ပြီး ပြိုင်ပွဲကြီးကို လက်ခံ ကျင်းပခြင်းဖြစ် ပါကြောင်း၊ “နိုင်ငံတကာချစ်ကြည်ရေး” ကို ယခုကဲ့သို့ အားကစားပွဲတော်များကတစ်ဆင့် အားပေးမြှင့်တင်ရာလည်း ရောက်ပါကြောင်း၊ အာဆီယံညီအစ်ကိုများအကြား နားလည် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှု ပေါင်းကူးတံတား တည်ဆောက် နိုင်သည့် အခွင့်လမ်းကောင်းများလည်း ရရှိမည်ဖြစ်ပါကြောင်း။

အားကစားပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့နိုင်ငံ၏ အားကစားစိတ်ဓာတ်၊ အားကစား အရည်အသွေးနှင့် ဂုဏ်သိက္ခာများကို ဖော်ထုတ်ပြသ သည့်ပွဲလည်းဖြစ်ပါကြောင်း၊ အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့် တင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံ့ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသော ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူ/နည်းပြနှင့် အားကစား သမားများက သတိချပ်ကြရန် လိုအပ်ပါကြောင်း။

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ် အားကစားအဖွဲ့ကို အပ်နှင်းလိုက်မည့် အောင်နိုင်ရေး နိုင်ငံတော်အလံသည် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေ သည်ဆိုသည့် ခံယူချက်နှင့် ပြိုင်ပွဲတိုင်းတွင် မိမိနိုင်ငံ၏ အောင်လံတလူလူလွင့်ပျံနေအောင် ရေကုန်ရေခမ်း အစွမ်းကုန် ကြိုးစားမည်ဟု သန္နိဌာန်ချပြီး ယှဉ်ပြိုင်သွားကြရန် ပြောကြားလိုပါကြောင်း။

ယနေ့ဆိုလျှင် ပြိုင်ပွဲကျင်းပရန် ၉ ရက်သာလိုတော့သည့်အတွက် နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အနေဖြင့် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ သက်လုံ ကောင်းမွန်မှု၊ အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်း ကောင်းမွန်မှုနှင့် စိတ်ဓာတ် ကောင်းမွန်မှု စသည့်အချက်များ ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာရှိနေပြီဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲတိုင်းတွင် အောင်နိုင်ခြင်းအားဖြင့် အမိနိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေး တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ခြင်းဖြစ်သည့်အတွက် မြန်မာတက္ကသိုလ် အားကစားအဖွဲ့ဝင်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကာ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြိုင်ပွဲစည်းကမ်းများနှင့် အညီ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားလိုပါကြောင်း။

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယခုကဲ့သို့ လက်ခံကျင်းပနိုင်ရေးနှင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဖက်ဖက်က ကူညီအားပေး ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများနှင့် အားကစား ဝါသနာရှင် များကို နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း။

ယခုကဲ့သို့ “အားကစားပြိုင်ပွဲများသည် နိုင်ငံတကာချစ်ကြည်ရေးကို အားမြှင့်ပေးသည့်အပြင် လူငယ်များအချင်းချင်း အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုများကို အပြန်အလှန်လေ့လာ ဖလှယ်ခွင့်ရရှိစေမည်ဖြစ်ပါကြောင်း”၊ မြန်မာနိုင်ငံ သို့ လာရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့ကိုယ်စားပြုအားကစားသမားများကို အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီသွားကြရန်နှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ဓလေ့စရိုက် အစဉ်အလာကောင်း များနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်သွားကြရန် ပြောကြားလိုပါကြောင်း။

အထူးသဖြင့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံ လွင့်ပျံနေအောင် “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသည့်စိတ်ဓာတ်ဖြင့် ရေကုန်ရေခမ်းကြိုးပမ်း ယှဉ်ပြိုင်အနိုင်ယူသွားကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များအား ကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ တက္ကသိုလ် အားကစားအဖွဲ့ အောင်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ အပ်နှင်း သည်။

ဆက်လက်၍ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေးအတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေး အပ်သည်။

ယင်းနောက် ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ တက္ကသိုလ်အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားမောင်/မယ် များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.