၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကျင်းပ


Date : 28 December, 2018

7

GIFMaker.org_ziXzvr

နေပြည်တော် ဒီဇင်ဘာ ၂၈

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ ဒုတိယနေ့ သင်တန်းကို ယနေ့နံနက် ၈နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ပျဉ်းမနား၊ နေပြည်တော်ကောင်စီနယ်မြေ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အတွက်ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ စာမေးပွဲ အခန်းကြီးကြပ်မည့်သူများ၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးမည့် တာဝန်ရှိသည့်သူများအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကအရေးကြီးဆုံးအချက်သည် စာဖြေသူများ၊ စာစစ်လုပ်ငန်းအတွက် တာဝန်ယူသူများ၊ စာမေးပွဲခန်းစောင့်မည့်သူများနှင့် လိုက်နာရမည့်သူများသည် စည်းမျဉ်းစည်းကမ်း များကို သိရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်စာအုပ်သည် အလွန်ကောင်းမွန်ပါကြောင်း၊ အတွေ့အကြုံများ အပေါ်အခြေခံပြီး အားသာချက်များကိုပိုမို အားကောင်းအောင်၊ အားနည်းချက်များကို ပြန်လည်စိစစ်ပြီး အားကောင်းအောင် လုပ်ပေးရန် လိုအပ်ကြောင်း။

တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့်ဖြစ်သည့်အတွက် စာမေးပွဲမေးခွန်းလုံခြုံရေး၊ အဖြေလွှာလုံခြုံရေး၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများ လုံခြုံမှုရှိရေး၊ ရှိ၊ ဖြေ၊ ပျက်စာရင်းများ အဖြေလွှာစာအုပ်နှင့် ကိုက်ညီမှုရှိရေး၊ စာမေးပွဲစည်းကမ်းများကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ လိုက်နာရေးတို့သည် အရေးကြီးပါကြောင်း၊ စာစစ်ဌာနများကိုလည်း ၂၀၁၆ ခုနှစ်၌ (၁၄၇၀)ခု၊ ၂၀၁၇ ခုနှစ်တွင်(၁၅၉၄)ခု၊ ၂၀၁၈ ခုနှစ်တွင် (၁၇၄၂)ခုအထိတိုး၍ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စာစစ်ဌာနအား (၁၈၈၁)ခုအထိ လျာထားကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူများသည် ၂၀၁၆ ခုနှစ်တွင် (၆၇၁၄၃၁)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၇၆၇၄၂၂) ဦးနှင့် ၂၀၁၈ ခုနှစ်တွင် (၈၄၄၃၅၈)ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူ (၈၉၆၀၁၂)ဦးအထိ စာရင်းပေးသွင်းထားကြောင်း ၃နှစ်အတွင်း(၂၂၀ဝ၀ဝ) အထိတိုးတက် လာပါကြောင်း၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ်အားလုံး၌လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ်ပါကြောင်း၊ စာစစ်လုပ်ငန်း ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လက်ဆင့်ကမ်း အပ်နှံဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာဆရာမအင်အားဖြင့် ဘက်မလိုက်ဘဲ တာဝန်ပေးအပ်ရန်နှင့် ကိုယ်ဝန်ဆောင်ဆရာမများ၊ ကလေးငယ်သည့် ဆရာမများ၊အသက် ၅၈ နှစ် အထက် အသက်အရွယ်ကြီးသော ဆရာဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများနှင့် ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများအား စာစစ်တာဝန်ပေးခြင်းမပြုရန် လိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

အဆိုပါဆွေးနွေးပွဲသင်တန်းသို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆရာဆရာမစုစုပေါင်း ၈၃၄ ဦးတက်ရောက်ကြပြီး သင်တန်းကို ၂၇-၁၂-၂၀၁၈ရက်မှ ၂၉-၁၂-၂၀၁၈ ရက်နေ့အထိ ကျင်းပကြောင်း သိရှိရပါသည်။



Bookmark the permalink.

Comments are closed.