ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ(ဌာနမှူး)များ တွေ့ဆုံဆွေးနွေး


Date : 31 December, 2018

DSC_9307

GIFMaker.org_9KEOAH(1)

ရန်ကုန် ဒီဇင်ဘာ ၃၁

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများ၊ ဆရာသမဂ္ဂများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး နည်းပညာတက္ကသိုလ်(သန်လျင်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂ ီမှ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များ၊ ကျောင်းတွင်း၊ ပြင်ပလှုပ်ရှားမှုများနှင့် သုတေသန ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မိမိတို့အနေဖြင့် ယခုကဲ့သို့တွေ့ဆုံရခြင်းသည် တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက် ပေးလိုခြင်းဖြစ်ပါကြောင်း၊ သန်လျင်နည်းပညာ တက္ကသိုလ်မှ ဆရာ ဆရာမများ၏ သင်ကြားသင်ယူမှုနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ သုတေသန လုပ်ငန်းဆောင်ရွက်ချက်များ၊ တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်မှုများအပေါ် အားရမိပါကြောင်း၊ ထိုသို့မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကောင်းများကို ဆက်လက် ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရန် အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ယှဉ်ပြိုင်လို စိတ်များကို လက်တွေ့ကျကျ အထောက်အကူပြုပြီး လက်တွေ့ အသုံးချနိုင်သည့် ဘာသာရပ်များ၏ အောင်ချက် ရာခိုင်နှုန်းများကိုလည်း လေ့လာဆန်းစစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဘာသာရပ်အလိုက် ဘွဲ့ရလူဦးရေစာရင်း များပြုစုရန်လိုအပ်ပါကြောင်း၊ သို့မှသာ ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း။

ဘွဲ့ရလူငယ်မောင်မယ်များ၊ အင်ဂျင်နီယာပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များ၊ သုတေသနပညာရှင်များမွေး ထုတ်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ရန်  လိုအပ်ပါကြောင်း၊ အင်ဂျင်နီယာဘွဲ့ရ လူငယ်များ အနေဖြင့် လက်တွေ့အကျိုးပြုနိုင်သော လုပ်ငန်းများအပြင် ပြဿနာကို အတူပူးပေါင်းဖြေရှင်းနိုင်သည့် စွမ်းရည် များလည်း ရှိရန်လိုအပ်ပါကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ လူငယ်များအနေဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည်အထိ ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပြီး နည်းပညာနှင့် ပတ်သက်၍ နောက်ကျကျန်ရစ်၍ မဖြစ်သည့်အတွက် ခေတ်နှင့်အမီလိုက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် အင်္ဂလိပ်စာ အရည်အသွေးကောင်းရန်လိုအပ်ပြီး အိုင်စီတီအရည်အသွေးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဘာသာစကား တတ်ကျွမ်းမှသာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များရှိ ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ၊ အားကစားဆိုင်ရာ ဖြည့်ဆည်းပေးရေး ကိစ္စရပ်များ၊ လက်တွေ့ခန်းများ အဆင့်မြှင့်တင်ရေး ကိစ္စရပ်များ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် အရည်အသွေးရှိသော အင်ဂျင်နီယာများ စဉ်ဆက်မွေးထုတ်ပေးနိုင်ရေး စသည်ဖြင့် တွေ့ဆုံဆွေးနွေး မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ရေနံအင်ဂျင်နီယာဌာနသို့ သွားရောက်၍ စာသင်ခန်း၊ လက်တွေ့ သင်ထောက်ကူပစ္စည်းများ၊ အိုင်စီတီခန်း၊ စာကြည့်တိုက်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း၌ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်နှင့် တာဝန်ရှိသူများက အဝေးသင်ပညာရေး ကျောင်းအပ်ပြီးစီးမှုအခြေအနေ၊ သင်ကြားသင်ယူရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ သုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းများရေးသားမှု၊ အားကစား၊ အနုပညာသင်တန်းများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက် ချက်များ၊ နိုင်ငံခြားပညာ တော်သင်ကိစ္စရပ်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ပူးပေါင်း ဆောက်ရွက်မှုများ၊ ဘာသာရပ်ဌာနအလိုက် သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ၂၀၁၈-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ တက္ကသိုလ်၏လုံခြုံရေးအတွက် အုတ်တံတိုင်းခြံစည်းရိုး ဆောက်လုပ်ရေး ကိစ္စရပ်များ၊ ဘောလုံးကွင်းပွဲကြည့်စင် နှစ်ထပ်ဆောင် ဆောက်လုပ်ရေးကိစ္စရပ်များ၊ လုပ်ငန်းသုံး စက်ပစ္စည်းလိုအပ်ချက်များ၊ ဆေးပေးခန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ ထိန်းသိမ်းမြှင့်တင်ရေး၊ ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန်နားလည်မှု၊ လေးစားမှုရှိပြီး ကူညီရိုင်းပင်းတတ်ရန်၊ လက်တွေ့လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေရှိရန်အတွက် သင်ကြားသင်ယူလေ့ကျင့်ပေးရန်နှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တက္ကသိုလ်လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်နိုင်ရန်၊ လုံခြုံရေးအင်အားတိုးမြှင့်ပေးရန်၊ တက္ကသိုလ်ဆေးခန်း ထားရှိနိုင်ရန်၊ ကျောင်း၏သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးရန်နှင့် အားကစားကွင်းများ ကောင်းမွန်စေရေးဆောင်ရွက်ပေးရန် စသည့် ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.