အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေးဆိုင်ရာ ကြီးကြပ်ရေးမှူးနှင့် ကျောင်းညှိနှိုင်းရေးမှူး သင်တန်းဖွင့်လှစ်


Date : 7 January, 2019

DSC_8729

GIFMaker.org_iJDNGJ

နေပြည်တော် ဇန်နဝါရီ ၇

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေး(South-East Asia Primary Learning Metrics-SEA-PLM) ဆိုင်ရာ ကြီးကြပ်ရေးမှူးများ(Test Administrators)နှင့် ကျောင်းညှိနှိုင်းရေးမှူးများ (School Coordinators) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၇၊၁၊၂၀၁၉ ရက်နေ့ နံနက်(၈)နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ballroom ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် အရှေ့တောင်အာရှ ဒေသတွင်း မူလတန်းပညာရေးအဆင့် လေ့လာသင်ယူမှုအား သုတေသနပြုလုပ် စစ်ဆေးအကဲဖြတ်ရာတွင် တာဝန်ယူဆောင်ရွက်ကြမည့် ကြီးကြပ်ရေးမှူးများ၊ ကျောင်းညှိနှိုင်းရေးမှူးများအတွက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မည့် သုတေသနလုပ်ငန်းသည် အာဆီယံဒေသတွင်းရှိ Grade-5 အဆင့်ကျောင်းသား လူငယ်များအား စစ်ဆေးအကဲဖြတ်သည့်“စံ” တစ်ခုဖြင့် လေ့လာဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ် လေ့လာတွေ့ရှိချက် များကို အစီရင်ခံစာများ ရေးသားပြုစု၍ ပညာရေးဆိုင်ရာမူဝါဒချမှတ်သူထံ တင်ပြသွားခြင်းဖြင့် အဓိပ္ပါယ်ပြည့်ဝသော သင်ယူမှု ရလဒ်များ ရရှိအောင်ဆောင် ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။ ၂၀၁၉ခုနှစ်အတွင်း SEA-PLM ပုံမှန်စစ်ဆေးလေ့လာမှု(Main Survey) ကိုအာဆီယံနိုင်ငံ(၇)နိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးစစ်ဆေးမည့် နိုင်ငံဖြစ်ပါကြောင်း၊ အရေးစွမ်းရည်၊ အဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်နှင့် လူသားကောင်း ဖြစ်မှုစသောနယ်ပယ်များကို (၄)နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးအကဲဖြတ် သွားမည်ဖြစ်ပါကြောင်း၊ ဆီမီယို(SEAMEO)၊ ယူနီဆက် အရှေ့အာရှဒေသဆိုင်ရာရုံး (UNICEF-EAPRO) တို့ကငွေကြေးအထောက်အပံ့ပေးပြီး သြစတြေးလျနိုင်ငံ ပညာရေးသုတေသနကောင်စီ (Australian Council for Educational Research-ACER) က နည်းပညာပံ့ပိုးပေးမှုများဖြင့် နိုင်ငံတကာအဆင့်မီ ပညာရည်စစ်ဆေးအကဲဖြတ် စံတစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်သော လေ့လာစစ်ဆေးအကဲဖြတ်မှုတွင် ထူးခြားမှုအနေဖြင့် လူသားကောင်း ဖြစ်မှုနယ်ပယ်အား ထည့်သွင်းစစ်ဆေးထားသည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာပေါ်တွင် အရေးစွမ်းရည် စစ်မေးသည့် ပထမဦးဆုံး စစ်ဆေးမှုဖြစ်ပြီး ဆီမီယိုအဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်လည်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အစိုးရများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကို စွမ်းဆောင်ရည်မြှင့်တင် သင်တန်းများပေး၍ အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ပညာရေးစနစ်တွင် ထည့်သွင်းဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း၊

ယခုဆောင်ရွက်မည့် ပုံမှန်စစ်ဆေးအကဲဖြတ်မှု(SEA-PLM Main Survey) ကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ရွေးချယ်ထားသော ကျောင်းပေါင်း (၂၀၂)ကျောင်းမှ ကျောင်းသား၊ကျောင်းသူပေါင်း (၅၈၅၃)ဦးကို စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပါကြောင်း၊ ယင်းအပြင် မိဘ(၅၈၅၃)ဦး၊ Grade-5 သင်ကြားသည့် ဆရာ၊ဆရာမ(၄၄၁)ဦး၊ ကျောင်းအုပ်ကြီး(၂၀၂)ဦးကိုလည်း စစ်တမ်းမေးခွန်းလွှာများကို ဖြည့်သွင်းစေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မူလတန်းပညာရေး သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေး(SEA-PLM) လုပ်ငန်းအောင်မြင်ရေး အတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးရှိသော ပညာရေးကိုဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက်ယူနီဆက်ရုံးမှ ဒုတိယဌာနေကိုယ်စားလှယ် Paul Edwardsက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် အခမ်းအနားကို သင်တန်းအစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ယူနီဆက် ဒုတိယဌာနေကိုယ်စားလှယ် Paul Adward, ၊ Education Section Chief MitsueUemura, ၊Australian Council for Educational Research (ACER) မှ Research Fellow Dr.Jacqueline Cheng, ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ကျောင်းညှိနှိုင်းရေးမှူးဆောင်ရွက်မည့် ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူး ဆောင်ရွက်မည့် ဆရာ၊ဆရာမများ၊ SEA-PLM ၏ ဦးစီးကော်မတီဝင်များ၊ နည်းပညာပံ့ပိုးမှု အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

သင်တန်းအား ၇-၁-၂၀၁၉ ရက်မှ ၉-၁-၂၀၁၉ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် စစ်ဆေးအကဲဖြတ်မည့် (၂၀၂) ကျောင်းမှ ကျောင်းအုပ်ကြီးများက ကျောင်းညှိနှိုင်းရေးမှူးများအဖြစ် လည်းကောင်း၊ စစ်ဆေးမည့် ကျောင်းနှင့် တစ်မြို့နယ်တည်းရှိ အခြားကျောင်းမှ ဆရာ၊ဆရာမ(၂၈၂)ဦးက ကြီးကြပ်ရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ရန် သင်တန်းတက်ရောက်ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.