တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


Date : 11 January, 2019

DSC09562

GIFMaker.org_7BwHDv

နေပြည်တော် ဇန်နဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ၁၁၊၁၊၂၀၁၉ ရက်နေ့ နံနက် ၈:၃၀နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် အရည်အသွေးပြည့်ဝသော ဆရာ၊ဆရာမများ ဖြည့်ဆည်းနိုင်ရေး အတွက် ဆရာ၊ဆရာမများ ပြုစုပျိုးထောင်ပေးရာတွင် မွမ်းမံသင်တန်းများနှင့် တစ်သက်တာ သင်ကြားသင်ယ ူလေ့ကျင့်ရေး အစီအစဉ်များဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဘာသာရပ်အလိုက် လက်တွေ့ဒေသအကျိုး၊ နိုင်ငံအကျိုးရရှိစေမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်၍ သုတေသန စာတမ်းဖတ်ကြားခြင်း၊ သုတေသနဂျာနယ်များတွင် စာတမ်းများ ရေးသားပြုစုခြင်းတို့ကို ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမလိုအပ်ချက် ဖြည့်ဆည်းရာတွင် တစ်ဘာသာချင်း အလိုက် တက္ကသိုလ်များကို နှိုင်းယှဉ်၍ လိုအပ်ချက်အရ စိစစ်သုံးသပ်တင်ပြရန် လိုပါကြောင်း၊ တက္ကသိုလ်များတွင် လက်တွေ့နယ်ပယ်နှင့် နီးစပ်သော ဘွဲ့သင်တန်းအစီအစဉ်များ၊ သင်ရိုးညွှန်းတမ်းများ၊ လက်တွေ့အခြေပြု သင်ယူခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်ပဋိညာဉ်စာတမ်း အတည်မပြုသေးမီ ကာလတွင် ဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့များဖွဲ့စည်းခြင်း၊ တက္ကသိုလ်ကောင်စီ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရုံးလုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းလုပ်ငန်းများ ကျွမ်းကျင်ရေး၊ အင်္ဂလိပ်စာအရည်အသွေး ကောင်းမွန်ရေးနှင့် အိုင်စီတီနည်းပညာ ကျွမ်းကျင်ရေးအမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေရန် လိုပါကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲရမှတ်များများ ရရှိရေးထက် စိတ်ကောင်းရှိရန်၊ အလွတ်ကျက်မှတ် သင်ယူခြင်းမှ စဉ်းစားတွေးခေါ်မှုကို အားပေး၍ သင်ယူပြီးရင်းသင်ယူနိုင်ရန်၊ နက်နက်နဲနဲ သင်ယူနိုင်ရန်နှင့် တစ်သက်တာ သင်ယူလေ့ကျင့်နိုင်ရန် အတွက် ကူးပြောင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ပညာရေး လှုပ်ရှားဆောင်ရွက်နေမှုများကို မိမိတို့တက္ကသိုလ် ဝက်ဆိုက်များတွင် ပုံမှန်ဖော်ပြပေးကြရန်နှင့် စာကြည့်တိုက်များတွင် စာအုပ်သစ်များ စဉ်ဆက်ဖြည့်ဆည်းပေးရန် လိုပါကြောင်း၊ ပညာရေးကောလိပ်များအားလုံးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင် သွားမည်ဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟာခါးကောလိပ်များတွင် ဥပဒေပညာဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လိုပါကြောင်း၊ ကျောင်းသားကျောင်းသူများအား လူသားကောင်းများဖြစ်စေရန်နှင့် ဒေသအကျိုး နိုင်ငံအကျိုး ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များဖြစ်စေရန် အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက အမှာစကားပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ မိမိတို့၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် Power Point များဖြင့်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ က တင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းကြသည်။

ယနေ့အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.