ကျောင်းသား ကျောင်းသူအဆောင် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ


Date : 19 January, 2019

2

GIFMaker.org_0Ii8nU

ရန်ကုန် ဇန်နဝါရီ ၁၈

Mother Construction Co.Ltd မှ ဆောက်လုပ်လှူဒါန်းသည့် ကျောင်သား ကျောင်းသူအဆောင် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် နည်းပညာတက္ကသိုလ် (သန်လျင်)၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ Mother Construction Co.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မြတ်နှင့် တာဝန်ရှိသူများက ကျောင်သား ကျောင်းသူအဆောင် လွှဲပြောင်းပေးအပ်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား နံ့သာရေများဖြင့် ပက်ဖြန်းကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် Mother Construction Co.Ltd မှ ဒါရိုက်တာ ဦးဝင်းမြင့်က ကျောင်သား ကျောင်းသူ အဆောင်နှင့်ပတ်သတ်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် ယနေ့ဆောက်လုပ် လှူဒါန်းသည့် ကျောင်းသားအဆောင်အား လှူဒါန်းနိုင်ရန်လမ်းညွှန်မှာကြား ပေးသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးနှင့် တာဝန်ရှိသူများနှင့် ဆောက်လုပ်လှူဒါန်းသည့် အလှူရှင် များအား ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယခုဆောက် လုပ်လှူဒါန်းသည့် အဆောင်များကိုကြည့်ပါက လက်ရာနှင့်အရည်အသွေးကောင်းမွန်ပြည့်စုံပြီး လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းထားပါကြောင်း၊ ကျောင်းဆောင်များ တွင်နေထိုင်မည့် ကျောင်းသားများအား အကောင်း ဆုံးပံ့ပိုးပေးထားပြီး လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးထားသည်ကို တွေ့ရှိရသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေဖြင့် ကျောင်းများကို ယခုကဲ့သို့ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်များကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ပေးလိုသော်လည်း ပညာရေးဝန်ကြီး ဌာန၏အောက်တွင် တက္ကသိုလ် စုစုပေါင်း(၁၃၄)ကျောင်းရှိသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက် ရာတွင် ခွင့်ပြုဘဏ္ဍာငွေအတွင်းမှ ဦးစားပေးအစီအစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်ရပါကြောင်း၊ သို့ဖြစ်၍ ယခု ကဲ့သို့ လိုအပ်နေသော ကျောင်းသား အဆောင်ကို လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍကို အရည်အသွေးရှိပြီးတန်ဖိုးရှိသော ဘွဲ့လက်မှတ်များ ဖြစ်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိမိတို့အနေဖြင့် ဒေသ၏လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိသော ဘွဲ့သင်တန်းများဖြစ်စေရန် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် ဆရာ ဆရာမများအနေဖြင့် ဘွဲ့ရလူငယ်များကို လက်တွေ့ဘဝနှင့်နီးစပ်ပြီး ဒေသနှင့်လိုက်လျောညီထွေ ဖြစ်သော ဘွဲ့သင်တန်းများလုပ်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ ယင်းသို့ ဆရာ ဆရာမများအနေဖြင့် သုတေသန စွမ်းဆောင်ရည်၊ သင်ရိုးညွှန်းတမ်းများမြှင့်တင်နိုင်သည့် စွမ်းဆောင်ရည်၊ သင်ကြားသင်ယူမှုစွမ်းရည်၊ ပရော့ဂျက် အခြေပြုသင်ယူနည်းများ စသည့် အရည်အသွေးပြည့်မီမှသာ ကျောင်းသား ကျောင်းသူများကို လက်တွေ့ဘဝ နှင့်နီးစပ်သော သင်ကြားသင်ယူမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသ၏လိုအပ်ချက်ကို အထောက်အကူဖြစ်သည့် လက်တွေ့ကျသည့် အသုံးချသုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဆရာ ဆရာမများအနေဖြင့် အရည်အသွေးပြည့်ဝရန် လိုအပ်ပါကြောင်း။

ထိုသို့ သုတေသနလုပ်ငန်းများကိုဆောင်ရွက်ရန် လိုအပ်သလို သုတေသနရလဒ်များမှ ဆွေးနွေးအကြံပြု ချက်များ အပေါ်မူတည်ပြီး သုတေသနစာတမ်းများကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်တွေ့ဘဝနှင့်နီးစပ်သော သင်ကြားသင်ယူမှု များကို ဆောင်ရွက်နိုင်မှသာ ဘွဲ့ရကျောင်းသား ကျောင်းသူ များအား လက်တွေ့လုပ်ငန်းခွင်နှင့်နီးစပ်သော ဘွဲ့ရလူငယ်များအဖြစ် ပြုစုပျိုးထောင်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ ပြုစုပျိုးထောင်နိုင်မှသာ ပညာရေးသည် အရည်အသွေးရှိသော ပညာရေးဖြစ်လာမည် ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ ပြည်သူများအားလုံးနှင့်လက်တွဲပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အလှူရှင် Mother Construction Co.Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မြတ်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.