“စာဖတ်ကြစို့” စီမံကိန်းဖြင့် ဆောင်ရွက်သော ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 26 January, 2019

DSC_2908

GIFMaker.org_xSx1lX

ရန်ကုန် ဇန်နဝါရီ ၂၆

“စာဖတ်ကြစို့”စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး Max Power Co.Ltd(သာကေတ) မှ လှူဒါန်းသော စကားဖြူ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

ရှေးဦးစွာ စကားဖြူ ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ်၊ မြန်မာ စာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (MBAPF) အမှုဆောင် ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်းနှင့် Max Power (သာကေတ)မှ အထွေထွေမန်နေဂျာ ဦးမျိုးသွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး စာကြည့်တိုက် အမှတ်တရ စကားဖြူပန်းပင်အား စိုက်ပျိုးကြသည်။

ထို့နောက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သတ္တမတန်းမှကျောင်းသား ကျောင်းသူများက စာကြည့်တိုက် အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသား ပညာရေး မူဝါဒကော်မရှင်ဥက္ကဌ ဒေါက်တာမျိုးကြွယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ် တို့က အဖွင့်အမှာစကားပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် လှူဒါန်း ကြသည့် အလှူရှင်များ၊ ပံ့ပိုးကူညီဆောင်ရွက်ကြသည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယနေ့နံနက်တွင် တွေ့ရသည့် ကျောင်းသား ကျောင်းသူများ၊ စာကြည့် တိုက်တွင် တွေ့ရသည့် ကျောင်းသား ကျောင်းသူများကိုတွေ့ရသည့်အခါတွင် ကျောင်းသား ကျောင်းသူ များအနေဖြင့် ပညာကို သင်ယူလိုစိတ်ရှိပြီး သင်ယူပြီးသည့်စာများကို ကျွမ်းကျင်စွာဖတ်တတ်ကြသည်ကို တွေ့ရှိရသည့်အတွက် ကျေနပ်အားရမိပါကြောင်း၊ ယင်းသို့ ကျောင်းသား ကျောင်းသူများ စာဖတ်တတ် စေရန် ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ပူးပေါင်းပြီး ပြုစုပျိုးထောင်ကြသည့်အတွက် ဝမ်းသာ ကျေနပ်မိပါကြောင်း၊ ထို့ပြင် လွှတ်တော် ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် မိဘအုပ်ထိန်းသူများ၏ ပူးပေါင်းဆောင်ရွက်မှု မပါရှိဘဲ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရာတွင် အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း၊ သို့ဖြစ်၍ မိဘများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အင်မတန် အရေးကြီးပါကြောင်း၊ မိမိတို့စတင် တာဝန်ယူသည့် အခါတွင် ကျောင်းထွက်နှုန်းများသည့်အတွက် ကျောင်း ထွက်သူ ပပျောက်ရေးကို ဦးတည်ဆောင်ရွက် ခဲ့ပါကြောင်း၊ ကျောင်းအပ်နှံသည့် အခါတွင် မည်သည့်အခ ကြေးငွေလက်ဆောင် ပစ္စည်းကိုမျှ လက်မခံခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်မှု ကြောင့် ကျောင်းထွက်နှုန်း များလျော့ကျခဲ့ပြီး ကျောင်းနေမြဲနှုန်းများ တက်လာခဲ့ပါကြောင်း။

ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ၁၂ တန်းပညာရေးကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ပြုပြင်ပြောင်းလဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘ အုပ်ထိန်း သူများ၊ ပြည်သူများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသင်ယူရာတွင် စာမေးပွဲ ရမှတ်များများ ရရှိရန် သင်ယူခြင်းထက် ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်ပြီး သင်ယူရသည့် ဘာသာရပ်များ၏ တတ်ကျွမ်းမှုများရှိစေရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိသည်ကို အသိပေး ပြောကြားလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို နိုင်ငံ့သားကောင်းများအဖြစ် ပြုစုပျိုးထောင်ရာ တွင် ကျောင်းသား ကျောင်းသူအချင်းချင်း ရိုင်းပင်းကူညီတတ်စေရန် အရေးကြီးပါကြောင်း၊ သို့မှသာ လုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် အတူတကွ အောင်မြင်စွာဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင် Grade-3 နှင့် Grade-6 အတန်းများကို ကျောင်းသုံး ဖတ်စာအုပ်အသစ်၊ ဆရာကိုင်စာအုပ် အသစ်များဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ Grade-3 အတွက် မူလတန်းပြ ဆရာ ဆရာမ အားလုံး၊ Grade-6 အတွက် အလယ်တန်းပြ ဆရာ ဆရာမ အားလုံးကို သင်တန်းပေးသွားမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် လူ့အဖွဲ့အစည်းတွင် အတူပူးပေါင်းဆောင်ရွက် တတ်စေရန်အတွက် လာမည့်နှစ်များတွင် ကျောင်းအားကစား ပြိုင်ပွဲများကို ကျင်းပနိုင်ရေး အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျောင်း များတွင် စာကြည့်တိုက်အချိန်များ၌ စာကြည့်တိုက်များကို အချိန်ပြည့်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်၍ စာကြည့်တိုက်များမှ ဆည်းပူးလေ့လာသော ပညာရပ်များကို စဉ်းစားတွေးခေါ်ပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုက်လျောညီထွေစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြု နိုင်မည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်ဖွင့်လှစ် နိုင်ရန်အတွက် လှူဒါန်းကြသည့် အလှူရှင်များ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ပြည်သူများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် စာကြည့်တိုက် များ ရေရှည်အသုံးချနိုင်ရေး အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် MBAPF မှ ဒေါက်တာသန့်သော်ကောင်းက ကျောင်းစာကြည့်တိုက်ပံ့ပိုးပေးမှု အစီအစဉ်များ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ Max Power (သာကေတ)မှ အထွေထွေမန်နေဂျာ ဦးမျိုးသွင် က ကျောင်းစာကြည့်တိုက်ပံ့ပိုးမှု၊ လှူဒါန်းမှု အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ စတုတ္ထတန်းကျောင်းသား ကျောင်းသူများက စာကြည့်တိုက် အကြောင်း သရုပ်ပြခြင်း၊ တတိယတန်း ကျောင်းသူလေးများ ကြိမ်ကွင်းအကနှင့် အားကစား သရုပ်ပြအဖွဲ့များက သရုပ်ပြတင်ဆက် ခြင်းနှင့် အဋ္ဌမတန်းမှ ကျောင်းသား ကျောင်းသူ များက ထာဝရသစ္စာ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာ မူလတန်းကျောင်းမှ “ပညာပျိုးခင်း” ကျောင်းစာကြည့်တိုက်၊ အမှတ်(၂၉) အခြေခံ ပညာမူလတန်း(လွန်)ကျောင်း၌ ဖွင့်လှစ်သည့် “စာပေနန်းတော်”ကျောင်းစာကြည့်တိုက်နှင့် သင်္ဃန်းကျွန်း မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည့် “ပညာမွန်”ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.