ပညာရေးနှင့် စီးပွားရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ


Date : 2 February, 2019

DSC_3890

GIFMaker.org_Q3zfz7
ရန်ကုန် ဖေဖော်ဝါရီ ၂
ပညာရေးနှင့် စီးပွားရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွွဲတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က နှုတ်ခွန်းဆက် စကားပြောကြားပြီး ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ပညာရေးကဏ္ဍနှင့် လုပ်ငန်းခွင်ကဏ္ဍ ချိတ်ဆက်ဆောင်ရွက် နိုင်ရေး Schools Industry Partnership ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးဥပဒေ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေများနှင့်အညီ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း(NESP 2016-2021)ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီး ဌာန၏ မျှော်မှန်းရလဒ်အနေဖြင့် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ကျောင်းသား ကျောင်းသူများအားလုံး လူသားကောင်းများဖြစ်စေရေး၊ တာဝန်ယူ တာဝန်ခံတတ်ပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်စေရေး၊ ဆန်းသစ်တီထွင်နိုင်ရေး စသည့်အချက်များနှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူ များဖြစ်ရန် ပြုစုပျိုးထောင်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်းတွင် ဖော်ပြပါရှိ သည့်အတိုင်း မူဝါဒနှင့်အညီ မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့အတွက် ကျောင်းအဆင့် တိုးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ပြင် မူလတန်း ပညာသင်ယူပြီးမြောက်သူတိုင်း အလယ်တန်း၊ အထက်တန်းနှင့် မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ယူတတ်မြောက်နိုင်ရေး၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့် ကမ္ဘာကြီး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်စွမ်းရှိသည့် အခွင့်အလမ်းအတွက် တစ်သက်တာ သင်ယူရေးနှင့် အခြေခံသုတေသနလုပ်ငန်းများတွင် ပါဝင်နိုင် ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နည်းပညာနှင့်သက်မွေး ပညာကဏ္ဍများ တွင်လည်း ဒေသလိုအပ်ချက်များ၊ စက်ရုံအလုပ်ရုံများနှင့် လိုက်လျောညီထွေဖြစ်သည့် ကာလတို ကာလရှည် သင်တန်းများ ဖွင့်လှစ်ပေး လျက်ရှိပြီး ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပြီး သုတေသနရလဒ်များမှ ဆွေးနွေးအကြံပြုချက်များ အပေါ်မူတည်ပြီး ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများကို ပိုမိုတိုးမြှင့်ရရှိရန် အားပေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ လက်တွေ့ဘဝနှင့် နီးစပ်သော သင်ကြားသင်ယူ လေ့ကျင့်မှုများကို စာသင်ခန်းများတွင် ဆောင်ရွက်နိုင်မှသာ ဘွဲ့ရကျောင်းသား ကျောင်းသူများအား လက်တွေ့လုပ်ငန်းခွင်နှင့် နီးစပ်သည့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်များအဖြစ် ပြုစုပျိုးထောင် နိုင်မည်ဖြစ် ပါကြောင်း၊ အသုံးချသုတေသန ရလဒ်များအရ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အကျိုးပြုနိုင်ရေး လွန်စွာအရေးကြီး ပါကြောင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်များက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြသဖြင့် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မိမိတို့၏အတွေ့အကြုံများနှင့် ပူးပေါင်းဆောင်ရွက် ရမည့်ကဏ္ဍများ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.