ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ(ဌာနမှူး)များ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး


Date : 4 February, 2019

DSC_4090

GIFMaker.org_uBIEfD

ရန်ကုန် ဖေဖော်ဝါရီ ၃

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး နည်းပညာ တက္ကသိုလ် (မှော်ဘီ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က နည်းပညာတက္ကသိုလ် (မှော်ဘီ)၏ ပညာသင်နှစ် ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ သုတေသနစာတမ်း ရေးသားမှုများ၊ တည်ဆောက်ရေး စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မှော်ဘီနည်းပညာတက္ကသိုလ်မှ ဆရာ ဆရာမများ၏ သင်ကြား သင်ယူမှုနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ သုတေ သနလုပ်ငန်းဆောင်ရွက် ချက်များ၊ တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်မှုများ အပေါ်အားရမိပါကြောင်း၊ ထိုသို့မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ် ကောင်းများကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ဆောင်ရွက် ကြစေလိုပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်းများသည် ဒေသနှင့်လိုက်လျောညီထွေရှိ၍ ပရိုဂျက်အခြေပြုသင်ယူခြင်းဖြင့် အားပေးဆောင် ရွက်ရန်လိုပါကြောင်း၊ အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ရန်နှင့် တစ်သက်တာ သင်ယူခြင်းဖြင့် စွမ်းဆောင်ရည်များ မြှင့်တင်ရန်အရေးကြီးပါကြောင်း၊ သုတေသနများ ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်း ဆွေးနွေးခြင်း၊ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းတို့ကို အားပေးရန် လိုအပ်ပါကြောင်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ပန်းချီဂီတအနုပညာ၊ သင်္ချာ၊ အားကစားဆိုင်ရာ စွမ်းရည်မြင့်မားရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

ထို့ပြင် ဘွဲ့ရလူငယ် ကျောင်းသား ကျောင်းသူများ၏ ယှဉ်ပြိုင်လိုစိတ်များကို လက်တွေ့ကျကျ အထောက်အကူပြုပြီး လက်တွေ့ အသုံးချနိုင်သည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် domain နှင့် website များထားရှိပြီး အင်္ဂလိပ်ဘာသာများဖြင့် ရေးသားဖော်ပြနိုင်ရန် လိုအပ်ပါကြောင်း၊ အင်ဂျင်နီယာ ဘွဲ့ရလူငယ်များအနေဖြင့် လက်တွေ့အကျိုးပြုနိုင်သော လုပ်ငန်းများအပြင် ၂၁ရာစု စွမ်းရည်များလည်း ရှိရန်လိုအပ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် အင်္ဂလိပ်စာ အရည်အသွေးကောင်းရန် လိုအပ်ပြီး အိုင်စီတီအရည်အသွေးနှင့် အိမ်နီးချင်း နိုင်ငံများ၏ဘာသာ စကားတတ်ကျွမ်းမှသာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများရှိရန် လိုအပ်ပြီး ကြုံတွေ့ခဲ့ရသည့် အားနည်းချက် များကို စိစစ်ပြီး အားသာချက်များကို အားကောင်းလာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် အရည်အသွေးရှိသော အင်ဂျင်နီယာများ စဉ်ဆက်မွေးထုတ်ပေးနိုင်ရေး ဆက်လက်ပူးပေါင်း ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း စသည်ဖြင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်တို့က University Autonomy နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများက ဆရာသမဂ္ဂ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ဆရာ ဆရာမ တိုးမြှင့်ခန့်ထားရေး၊ ကွန်ပျူတာလိုအပ်ချက်များ၊ စာကြည့် တိုက်မှူးခန့် အပ်ပေးနိုင်ရေးနှင့် ကျောင်း၏ လုံခြုံရေးကိစ္စရပ် များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိ်ုင်းတွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.