တိကျစွာတိုင်းတာခြင်းနည်းပညာသိပံ္ပ(မြန်မာ) အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ


Date : 9 February, 2019

DSC_4314

GIFMaker.org_EjYwqE

ရန်ကုန် ဖေဖော်ဝါရီ ၄

တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ) အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၆)ကမ္ဘာအေးဘုရားလမ်းရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ (PTB)မှ ဥက္ကဋ္ဌ Prof. Dr.Joachim Hermann Ullrich တို့က အမှာ စကားပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် ပြည်သူလူထု၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးစသည့် နေ့စဉ်လူမှုဘဝများ အတွက်လည်းကောင်း၊ ကုန်သွယ်ရေး အတွက်လည်းကောင်း စသည့် နယ်ပယ်အသီး သီးတွင် သာတူညီမျှဖြစ်စေရန်အတွက် နိုင်ငံတကာဈေးကွက်၏ အရည်အသွေး လိုအပ်ချက်၊ တောင်းဆိုမှု များကိုဖြည့်ဆည်း ပေးနိုင်သည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ ဖြစ်စေရန်အတွက် ထိရောက်မှု ရှိသည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ (National Quality Infrastructure-NQI) သည် အဓိက အခြေခံအကျဆုံး မရှိမဖြစ်သည့် အခြေခံအဆောက်အအုံ ဖြစ်ပါကြောင်း၊ အရည်အသွေး တစ်ခု၏ရလဒ်အဖြေကို စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ တိကျစွာတိုင်းတာခြင်း၊ အသိအမှတ်ပြုခြင်းနှင့် အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်း ဆိုသည့် တစ်ခုနှင့် တစ်ခုဆက်စပ်နေသည့် NQI ၏နယ်ပယ်များ စုစည်းပြီး စနစ်တကျစုပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်သည့် နေရာတွင် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက် ကြရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် ယင်းနယ်ပယ်အလိုက် အရေးပါမှုကို ကောင်းစွာသဘောပေါက် နားလည်ပြီး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရေး၊ မှန်မှန်ကန်ကန် ဆောင်ရွက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးသည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံတွင် ဒေါက်တိုင်တစ်ခုဖြစ်သည့် တိကျစွာတိုင်းတာခြင်း နည်းပညာကို ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် တိကျစွာတိုင်းတာခြင်းနည်းပညာ သိပံ္ပ (National Institute of Metrology-Myanmar)ကို ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါကြောင်း။

တိကျစွာတိုင်းတာခြင်း နည်းပညာသိပံ္ပအနေဖြင့် နိုင်ငံ၏တိကျမှုအဆင့်အမြင့်ဆုံး စံအတိုင်းအတာ များ(Primary Standards) ကို ထိန်းသိမ်းထားရှိသွားမည် ဖြစ်ပါကြောင်း၊ ယင်း Primary Standards များကို အသုံးပြုပြီး စက်ရုံအလုပ်ရုံများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၏ တိုင်းတာကိရိယာများ အပြင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတွက် တာဝန်ရှိသည့်အဖွဲ့အစည်းများတွင် အသုံးပြု နေကြသည့် တိုင်းတာကိရိယာများကို စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ သုတေသနများ ပြုလုပ်ဆောင်ရွက်ကြသည့်အခါတွင် သုတေသနပြုလုပ်ကြသည့် နယ်ပယ်များအလိုက် ထုထည်အချိုးအစားများ တိကျရန်လိုအပ်သလို အရွယ်အစား အတိုင်းအတာများလည်း တိကျမှန်ကန်ရန် လိုအပ်ပါကြောင်း၊ အပူချိန်ကို တိတိကျကျမှန်မှန်ကန်ကန် ထိန်းချုပ်ရန် လိုအပ်သလို အလေးချိန် ချိန်တွယ်အသုံးပြုရသည့် သုတေသနများတွင်လည်း အလေးချိန်များ၊ ချိန်ခွင်များက မှန်ကန် တိကျဖို့ အရေးကြီးပါကြောင်း၊ ယင်းသို့ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုများကို မှန်မှန်ကန်ကန်ပေး နိုင်ရန် အထောက်အကူပြု တိုင်းတာကိရိယာများအနေဖြင့် တိကျသည့် ရလဒ်အဖြေကို ပြသနိုင်ရန် အရေး ကြီးပါကြောင်း။

ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ စားသောက်နေထိုင် သွားလာရေးများတွင် အသုံးပြုနေကြရသည့် အတိုင်းအတာများ မှန်ကန်တိကျမှုရှိရေးသည် အဓိကလိုအပ်ချက် တစ်ခုဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ပေးလိုက်ရသည့် ငွေကြေးတန်ဖိုးနှင့် လိုက်လျောညီထွေရှိသည့် အတိုင်းအတာပမာဏ အတိုင်း ပြန်လည်ရရှိအောင် ထိန်းချုပ်ဆောင်ရွက် ပေးနိုင်မှသာ စားသုံးသူပြည်သူလူထုကို အကာအကွယ် ပေးနိုင်ရာ ရောက်မည်ဖြစ်ပါကြောင်း၊ ယခုအခါတွင် ကုန်သွယ်မှုများ တိုးတက်လာသည့် နည်းတူ ပြည်ပရင်းနှီး မြှုပ်နှံမှုများလည်း တိုးတက်လာသည့်အတွက် အတိုင်းအတာများ၊ တိုင်းတာကိရိယာ များနှင့် အတိုင်းအတာ ယူနစ်များသည် နိုင်ငံတကာနှင့် တစ်ပြေးညီဖြစ်နေရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ အပြည်ပြည်ဆိုင်ရာနှင့် လိုက်လျောညီထွေဖြစ်သည့် တိုင်းတာခြင်းအနေဖြင့် စနစ်တစ်ခုကို တစ်ပြေးညီအသုံးပြုနိုင်ရေး၊ တိကျသည့် တိုင်းတာခြင်းများနှင့် ပြည်သူလူထုကို အထောက်အပံ့ပေးနိုင်ရေး၊ တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာ ဝန်ဆောင်မှုများနှင့် နိုင်ငံတော်အတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတို့တွင် မျှတသည့်ကုန်သွယ်မှု အခြေအနေဖြစ်ပေါ် စေရေးတို့ကို ရည်ရွယ်ပြီး တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေ(မူကြမ်း)ကို ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဌာနက အစိုးရဝန်ကြီးဌာန၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ရေးထုံးရေး နည်းဆိုင်ရာ သဘောထားမှတ်ချက်များ တောင်းခံပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့ပြီး အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုဖွင့်လှစ်လိုက်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပံ္ပအနေဖြင့် အမျိုးသားအဆင့်အဖြစ် ထိန်းသိမ်း ထားရှိသည့် စံအတိုင်းအတာများကို အသုံးပြုပြီး ပြည်သူလူထု၊ စက်ရုံ၊ အလုပ်ရုံများ၏ တိုင်းတာ ခြင်းဆိုင်ရာ လိုအပ်ချက်များကို အသိပညာပေးရင်း ပြန်လည်ဖြေရှင်းသည့် တိုင်းတာဝန်ဆောင်မှုများပေး သွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်သူလူထု၏တိုင်းတာခြင်းဆိုင်ရာ လိုအပ်ချက်များကို အမြဲမပြတ် လေ့လာဆန်းစစ်ပြီး ထပ်မံတိုးချဲ့ရန် လိုအပ်သည့် တိုင်းတာခြင်းဆိုင်ရာ နည်းစနစ်အသစ်များ၊ တိုင်းတာကိရိယာ စက်ပစ္စည်း အသစ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံတွင်ရှိသည့် တိုင်းတာရေး ဓာတ်ခွဲခန်းများကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းဖြစ်သည့် ISO/IEC 17025 အညီ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် PTB၊ UNIDO၊ GIZ နှင့် JICA တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ တိကျစွာတိုင်းတာခြင်းနည်း ပညာသိပ္ပံကို ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ် ကဏ္ဍမျိုးစုံနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝများတွင် အဓိကပါဝင်ပတ်သတ်နေသည့် အတိုင်းအတာများ တိုင်းတာခြင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရန်၊ အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံတွင် ပါဝင်သည့် အခြားအဖွဲ့အစည်းများအတွက် လိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရန် အမျိုးသားအဆင့် တိကျစွာတိုင်းတာ ခြင်း နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ တစ်ခုကို စတင်ဖွင့်လှစ်နိုင်သည့် နေ့တစ်နေ့ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ (PTB)မှ ဥက္ကဋ္ဌ Prof. Dr.Joachim Hermann Ullrich၊ KETT Electric Laboratory မှ အထွေထွေမန်နေဂျာ Mr.Norihiro YOSHIDA၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းနှင့် အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင် ဒေါက်တာစိန်မြင့်တို့က တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား နံ့သာရေများဖြင့် ပက်ဖြန်းကြပြီး တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံအဆောက်အဦရှိ တိုင်းတာရေး ဓာတ်ခွဲခန်းများအား လေ့လာကြည့်ရှုခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ ပါမောက္ခချုပ်များ ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည့် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ရုံး၌ ကျင်းပသည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး(TVET)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.