ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်များတွင် ညှိနှိုင်းဆွေးနွေး


Date : 9 February, 2019

DSC_4750

GIFMaker.org_c5iDuC

ရန်ကုန် ဖေဖော်ဝါရီ ၉

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။

ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေး က သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ပညာသင်နှစ်ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင် ရွက်မှုများ၊ သုတေသနစာတမ်း ရေးသားမှုများ၊ ကျောင်းသား ကျောင်းသူများ ၏အားကစားလှုပ်ရှားမှုများဆောင်ရွက်နိုင်ရန် အားကစားကွင်းများ၊ စာသင်ဆောင်တည် ဆောက်ရေး စီမံကိန်းများနှင့် ကျောင်းသားကျောင်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မိမိတို့အနေဖြင့် ယခုကဲ့သို့တွေ့ဆုံရခြင်းသည် တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးလိုခြင်း ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်းများသည် ဒေသနှင့် လိုက်လျောညီထွေရှိ၍ ပရော့ဂျက်အခြေပြုသင်ယူခြင်းဖြင့် အားပေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆရာဆရာမများအနေဖြင့် အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီအရည် အသွေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြား သင်ယူလေ့ကျင့်ရန်နှင့် တစ်သက်တာသင်ယူခြင်းဖြင့် စွမ်းဆောင်ရည်များ မြှင့်တင် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဆရာဆရာမများအနေဖြင့် ဘွဲ့ရလူငယ်များကို လက်တွေ့ဘဝနှင့် နီးစပ်ပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်သော ဘွဲ့သင်တန်းများ လုပ်ပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများ မြှင့်တင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချ နိုင်ရန်အရေးကြီးပါကြောင်း၊ ယင်းသို့ ဆရာ ဆရာမများအနေဖြင့် သုတေသန စွမ်းဆောင်ရည်နှင့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲနိုင်သည့် အရည်အသွေးပြည့်မီမှသာ ကျောင်းသား ကျောင်းသူ များကို လက်တွေ့ ဘဝနှင့်နီးစပ် သောသင်ကြား သင်ယူမှုများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် သုတေသနများ ဆောင်ရွက်ခြင်း၊ သုတေသန စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ ပြည်တွင်းပြည်ပသုတေသန ဂျာနယ်များတွင် သုတေသန စာတမ်းများ ရေးသားခြင်းတို့ကို အားပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များတွင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ပန်းချီ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ၊ သင်္ချာ၊ အားကစားဆိုင်ရာ စွမ်းရည် မြင့်မားရေးအတွက် ပြိုင်ပွဲများကျင်းပ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ထို့ပြင် ဘွဲ့ရလူငယ် ကျောင်းသား ကျောင်းသူများ၏ ယှဉ်ပြိုင်လိုစိတ်များကို လက်တွေ့ကျကျ အထောက် အကူပြုပြီး လက်တွေ့အသုံးချနိုင်သည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီးလက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပြီးလက်တွေ့ လုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် domain နှင့် website များကို အင်္ဂလိပ်ဘာသာများဖြင့် ရေးသားဖော်ပြနိုင်ရန်လိုအပ်ပြီး မိမိတို့၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်ကာလ သည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အသွေး ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ရှိရန်လိုအပ်ပြီး ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို စိစစ်ပြီး အားသာချက်များကို အားကောင်းလာစေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၁ရာစုတွင် လိုအပ်သော အချင်းချင်းကူညီတတ်၍ တာဝန်ယူ တာဝန်ခံပူးပေါင်း ဆောင်ရွက်တတ်သည့် ထူးချွန်သောဘွဲ့ရလူငယ် မောင်မယ်များစဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာဆရာမများက တင်ပြဆွေးနွေး သည်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး မှာကြားခဲ့သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့သို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး ရေတိုရေရှည် စီမံချက်ရေးဆွဲ ဆောင်ရွက်ရေး၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်အတွက် UMFCCI နှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် ကြစေလို ကြောင်း၊ တက္ကသိုလ် ပဋိညာဉ်စာတမ်းများ ရေးဆွဲရေး၊ တက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ထူးချွန်သော ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများအဖြစ် ဆောင်ရွက်စေလိုပြီး အထူးသဖြင့် ဆရာ ဆရာမအချိုးမျှတရန် ထူးချွန်သော ကျောင်းသားများ အနေဖြင့် ဆရာအဖြစ် တာဝန်ထမ်းဆောင်စေလို ကြောင်းဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.