ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့ မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ


Date : 17 February, 2019

Doc1-2

GIFMaker.org_xCST2q

နေပြည်တော် ဖေဖော်ဝါရီလ ၁၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့ ရတနာပုံတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၁၆၊ ၂၊ ၂၀၁၉ ရက်နေ့ နံနက် ၈နာရီတွင် ရတနာပုံတက္ကသိုလ်၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အဆင့်မြင့်ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဆောင်ရွက် နေမှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပိုမိုကောင်းမွန်သော ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာ၌ ကောင်းမွန်သောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင် ပေးရာတွင် အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များသည် လူမှုဝန်းကျင်တွင် လိုအပ်သော အသိပညာရှင်၊ အတတ်ပညာရှင် ဘွဲ့ရလူငယ်မောင်မယ်များကို ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ တက္ကသိုလ်အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံးညီညီညွှတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဌာနတွင်း စီမံခန့်ခွဲမှုများ ဖြစ်သည့် အတန်းခွဲဝေမှု၊ သင်ကြားသင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်စသည်များတို့ကို ဘက်လိုက်မှုမရှိဘဲနှင့် ဆရာမွေးတပည့်မွေး မလုပ်ဘဲ ကောင်းမွန်သန့်ရှင်းသော စိတ်စေတနာအပြည့်ဖြင့် လုပ်ထုုံးလုပ်နည်း၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စာသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်း စာအုပ်စာတမ်းကြေးများ၊ လက်တွေ့/ နည်းပြစာအုပ်ကြေး စသည့်ငွေကြေးများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ စာရင်းစစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပါမောက္ခ/ဌာနမှူးများက ဌာနရှိဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ပါမောက္ခချုပ်ထံ တင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့် အခက်အခဲ၊စိန်ခေါ်မှုများကို ပါမောက္ခချုပ်များ ကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန်လို အပ်ပါကြောင်း၊ အခက်အခဲ၊ မပြည့်စုံမှု၊ ပြဿနာစသည့် စိန်ခေါ်မှုများ သည် လူတိုင်း၊ နေရာတိုင်းတွင်ရှိပြီး ထိုပြဿနာစိန်ခေါ်မှုများကို အကောင်းဆုံး ဖြေရှင်းနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေးတို့ကိုလည်း အမြဲမြှင့်တင် ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန်နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်း ဆောင်ရွက်တတ်ရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက် တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန် လိုပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသန လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ရရှိလာသည့် သုတေသနရလဒ်များကို ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် ရေးသားဆောင်ရွက်ကြ စေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းတွင် အတော်ဆုံး ကျောင်းသားကျောင်းသူများကို ဆရာဆရာမအဖြစ် ရွေးချယ်ဆောင်ရွက် နေကြပါကြောင်း၊ အတော်ဆုံး ဆရာ၊ဆရာမများ၊ အရည်အသွေးရှိသော ဆရာဆရာမများကသာ ထူးချွန်သော ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ဆရာဆရာမ အဖြစ် အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို အားပေးပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေးပိုမို မြင့်မားလာရေး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုမွေးထုတ် ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျှက် မန္တလာဒီဂရီကောလိပ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှု အခြေအနေများ၊ အားနည်းချက် အားသာချက်များ၊ ဖြေရှင်းဆောင်ရွက်ရမည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အလားတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ၁၇၊၂၊၂၀၁၉ ရက်နေ့တွင် မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံကာ ပညာရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.