ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့ တနင်္သာရီတိုင်းဒေသကြီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းများ သို့သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ


Date : 23 February, 2019

9

GIFMaker.org_UGjIOC

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် မြိတ်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မြိတ်တက္ကသိုလ်၏ ဖွဲ့စည်းပုံ၊ သင်ကြားသင်ယူနေမှု အခြေအနေများနှင့် ဆောင်ရွက်နေသည့် ပညာရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ပါမောက္ခချုပ်များ ကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်စိုးတို့က ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့တက္ကသိုလ် အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိဉာဏ် ရေးဆွဲဆောင် ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပါမောက္ခချုပ်များကော်မတီ၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်ပညာရေးဝန်ကြီး ဦးဟိုပင်က ဆရာနှင့်ကျောင်းသား နွေးထွေးစွာ ပူးပေါင်းလက်တွဲ၍ အရည်အသွေးရှိသော ပညာရေးစနစ် ဖော်ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆလုံတိုင်းရင်းသား ကျောင်းသားကျောင်းသူများ တက္ကသိုလ် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲဆောင်ရွက်ရာတွင် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များအရည်အသွေးမြင့်မားရေး အတွက် ဆရာဆရာမများ၏ အရည်အသွေးမြင့်မားအောင် အမြဲမပြတ်ကြိုးစား ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေးတို့ကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသအတွက် အကြိုးရှိ ထိရောက်သော အသုံးချ သုတေသန လုပ်ငန်းများကို ဆောင်ရွက်စေ လိုပါကြောင်း၊ အထူးသဖြင့် ဒေသတွင်း လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး၊ ရေလုပ်ငန်း၊ ခရီးသွား၊ သတ္ထုတွင်း၊ ဈေးကွက်စီးပွားရေး၊ ဘဏ်လုပ်ငန်း၊ ရာဘာ၊ အိုင်တီနည်း ပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒီရေတော အစရှိသည့် လုပ်ငန်းများအတွက် အကျိုးရှိစေမည့် အသုံးချသုတေသန လုပ်ငန်းများကို ပိုမိုဆောင်ရွက် စေလိုပါကြောင်း၊ ဆရာဆရာမများ အရည်အသွေး မြင့်မားမှသာလျှင် အရည်အသွေးပြည့်ဝသော လူသား အရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြိတ်တက္ကသိုလ် အနေဖြင့် ကမ္ဘာ့ အဆင့်တက္ကသိုလ်များ သတ်မှတ်ချက်တွင် ယခင်ကထက် ပိုမိုမြင့်မားလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ဆက်လက်၍ မိမိတို့၏ တက္ကသိုလ် အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံး ညီညီညွှတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ဌာနတွင်း စီမံခန့်ခွဲမှုများဖြစ်သည့် အတန်းခွဲဝေမှု၊ သင်ကြားသင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ် စသည်များတို့ကို ဘက်လိုက်မှု မရှိဘဲနှင့် ဆရာမွေးတပည့်မွေးမလုပ်ဘဲ ကောင်းမွန်သန့်ရှင်းသော စိတ်စေတနာ အပြည့်ဖြင့် လုပ်ထုုံးလုပ်နည်း၊ စည်းမျဉ်းစဉ်း ကမ်းများနှင့် အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။

မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စာသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်း စာအုပ်စာတမ်းကြေးများ၊ လက်တွေ့/ နည်းပြ စာအုပ်ကြေးစသည့်ငွေကြေးများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ စာရင်းစစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပါမောက္ခ/ဌာနမှူးများက ဌာနရှိဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ် တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်း ရန်နှင့် မဖြေရှင်း နိုင်သည့် ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခချုပ်များ ကော်မတီနှင့်ပညာရေးဝန်ကြီး ဌာနသို့ဆက်လက်တင်ပြရန် လိုအပ် ပါကြောင်း။

အခက်အခဲ၊ မပြည့်စုံမှု၊ ပြဿနာစသည့် စိန်ခေါ်မှုများသည် လူတိုင်း၊ နေရာ တိုင်းတွင်ရှိပြီး ထိုပြဿနာစိန်ခေါ်မှုများကို အကောင်းဆုံး ဖြေရှင်းနိုင်ရေးသည် အလွန် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန် နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်း ဆောင်ရွက်တတ်ရေး၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက် အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက် တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန် လိုပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေးပိုမို မြင့်မားလာရေး နိုင်ငံတကာ နှင့်ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုမွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း၍ ကျောင်းဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက် ပေးစေလိုသည့် စာသင်ဆောင်၊ Lab ပစ္စည်းများ၊ စာကြည့်တိုက်၊ အားကစားရုံ၊ အားကစားကွင်း၊ ထမင်းစားဆောင်၊ ဝန်ထမ်းအိမ်ရာများ၊ ဆိုင်ကယ် ရပ်နားရန်နေရာ၊ ကျောင်းကြို/ ပို့ယာဉ်များ ဖြည့် ဆည်းပေးနိုင်ရေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဆွေးနွေး ဖြေကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ် (မြိတ်)၊ အစိုးရ နည်းပညာအထက်တန်း ကျောင်း(မြိတ်)နှင့် ကွန်ပျူတာ တက္ကသိုလ်(မြိတ်) သို့သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသည့် သင်ကြား သင်ယူမှု အခြေအနေများ၊ ပြုပြင်ပြောင်း လဲဆောင်ရွက်နေမှု အခြေအနေများ၊ ဖြေရှင်း ဆောင်ရွက်ရမည့် ကျူးကျော်မြေယာပြဿနာများ၊ လျှပ်စစ်မီးလိုအပ်ချက်၊ အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဖြည့်ဆည်းဆောင်ရွက် ပေးရမည့် ပညာရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ထားဝယ်ပညာရေးကောလိပ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ထားဝယ်)နှင့် ထားဝယ် တက္ကသိုလ်များသို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် နည်းပညာတက္ကသိုလ်(ထားဝယ်)၊ အစိုးနည်းပညာ အထက်တန်းကျောင်း (ကော့သောင်း)နှင့် ကော့သောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းများသို့လည်းကောင်း သွားရောက်၍ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ အားတွေ့ဆုံကာ ပညာရေးလုပ်ငန်းစဉ်များ၊ အခက်အခဲ၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနိုင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

 



Bookmark the permalink.

Comments are closed.