ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဧရာဝတီတိုင်းဒေသကြီးရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ


Date : 3 March, 2019

DSC_7290

GIFMaker.org_4ioU1V

ရန်ကုန် မတ် ၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နည်းပညာတက္ကသိုလ်(မအူပင်)ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နည်းပညာတက္ကသိုလ်(မအူပင်)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မအူပင်)မှ ပါမောက္ခချုပေ် ဒါက်တာကျော့ခင်က နည်းပညာ တက္ကသိုလ်(မအူပင်)၏ ဖွဲ့စည်းပုံ၊ သင်ကြားသင်ယူနေမှု အခြေအနေများနှင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ နှုတ်ခွန်းဆက် စကားပြောကြားပြီး ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက တက္ကသိုလ် ပဋိညာဉ်ရေးဆွဲ ဆောင်ရွက် မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများ၊ ပါမောက္ခချုပ်များ ကော်မတီ၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် မိမိတို့အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းသည် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိကြစေလိုပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက် ပေးလိုသဖြင့် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်ကြီး ပြောကြား သွားသည့်အတိုင်း သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများသည် လွယ်ကူရိုးရှင်းသည့် လုပ်ငန်းများ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ပါမောက္ခချုပ်များ ကော်မတီ၏ တက္ကသိုလ်များအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများကို အသိပေးပြောကြားလိုပြီး တက္ကသိုလ်များ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင် ရန်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လှုပ်ရှားမှုများကို ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သည့် www.moe.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁)တွင် ဖော်ပြထားသည့်အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ပါရှိသော ပန်းတိုင် အမှတ်(၄)တွင် ၂၁ ရာစုနှင့်လိုက်လျောညီထွေရှိ သည့် လူ့စွမ်းအား အရင်းအမြစ်များကို အဆင့်မြှင့်တင်ပေးရန် အချက်သည် ပညာရေးနှင့် သက်ဆိုင်ပါကြောင်း၊ ပညာရေးအရည် အသွေးကောင်းမွန်ရန် ဆရာ ဆရာမများ၏ အရည်အသွေးကောင်း မွန်ရန်လိုအပ်ပြီး အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အရည်အသွေးများ ကောင်းမွန်ရန်အတွက် မွမ်းမံသင်တန်း များပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် သုတေသန ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာ ဆရာ ဆရာမများ စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ကြားနည်းစနစ် များဖြင့် သင်ကြား ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဆရာ ဆရာမများ အတွက်သာမက ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားစေရန် ရုံးစာရေးသားနည်း သင်တန်းများနှင့် အိုင်စီတီအရည်အသွေး မြင့်မားစေရန် သင်တန်းများဖွင့် လှစ်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ပညာတော်သင်ဆုများနှင့် ပတ်သတ်၍ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ကျောင်းများတွင် သိပ္ပံပြပွဲများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Job Fair များပြုလုပ်ပေးရန် လိုအပ်ပြီး မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့် အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေ ယဉ်ကျေးမှုနှင့် အနုပညာ ဓလေ့ထုံးတမ်း စဉ်လာများကိုလည်း မြှင့်တင်ပေးရန်လိုအပ် ပါကြောင်း၊ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏စီးပွားရေး၊ ခရီး သွားလာရေး နှင့် အကျိုးစီးပွားကိုအကျိုးပြုပြီး ဒေသနှင့်လိုက်လျော ညီထွေဖြစ်သည့် ဘွဲ့သင်တန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးကြစေ လိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လက်တွေ့သင်ကြားရေး ဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများရှိသည့်အတွက် သရုပ်ပြ ဆရာ ဆရာမများတိုးချဲ့ခန့်ထားရေး၊ အစိုးရနည်းပညာ အထက်တန်း ကျောင်းများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရေး၊ အားကစားရုံနှင့် အားကစားကွင်းများ ဆောင်ရွက်ပေးရေး၊ ကျောင်းသား ကျောင်းသူများ အလုပ်သင်သွား ရောက်ရာ၌ အခက်အခဲ များကြုံတွေ့ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင် ရွက်ပေးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်များကို တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မတ်လ ၂ ရက်နေ့တွင် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)နှင့် ဟင်္သာတတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ပရော့ဂျက် များပြုလုပ်ရာနှင့် လေ့လာရေးခရီးများအတွက် ကုန်ကျစရိတ်များ အဆင်ပြေချောမွေ့စေရန်၊ ဆိုင်ကယ်ရပ်နားရန် နေရာ၊ ကျောင်းအားကစားရုံ ဆောက်လုပ်ပေးရန်၊ ဖူဆယ်ဘောလုံး ကွင်းဆောက်လုပ်ပေးရန်၊ ဌာန၏ဝန်ထမ်း အင်အားတိုးချဲ့  ခန့်ထားရန်၊ ဝန်ထမ်းမိသားစု ပေါင်းစည်းနေနိုင်ရေး၊ ပန်းချီ၊ ဂီတ၊ အနုပညာကလပ်များ ဖွဲ့စည်းဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.