၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ကျင်းပ


Date : 6 March, 2019

p1

GIFMaker.org_nPWAst

နေပြည်တော် မတ် ၆

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၆၊၃၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကိုလေးဝင်း၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး အဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ နေပြည်တော် ကောင်စီနယ်မြေ ပညာရေးမှူး ဦးမျိုးဝင်း အောင်နှင့် ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျှက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်၍ လှည့် လည်ကြည့်ရှု အားပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးတို့အတွက် စာမေးပွဲ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပသော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသံရုံးများ၌ နိုင်ငံခြားစာစစ်ဌာန( ၂၁ )ခု၊ ပြည်တွင်းစာစစ်ဌာန (၁၈၆၅)ခု၊ စာစစ်ဌာန စုစုပေါင်း (၁၈၈၆) ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၈၉၇၉၉၄)ဦး စာရင်းပေးသွင်းကြပြီး (၈၅၁၅၇၀)ဦး ဝင်ရောက်ဖြေဆိုကြသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း(၅၀)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၂၆၁၂၃)ဦး စာရင်းပေးသွင်းကြပြီး (၂၄၈၂၇) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.