aပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့ တနင်္သာရီတိုင်းဒေသကြီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ


Date : 23 February, 2019

DSC_5653

GIFMaker.org_yAZKnv

နေပြည်တော် ဖေဖော်ဝါရီလ ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အဖွဲ့သည် မြိတ်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၃၊ ၂၊ ၂၀၁၉ ရက်နေ့ နံနက် ၁၁ နာရီတွင် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မြိတ်တက္ကသိုလ်၏ ဖွဲ့စည်းပုံ၊ သင်ကြား သင်ယူနေမှု အခြေအနေ များနှင့် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ပါမောက္ခချုပ်များ ကော်မတီအလုပ်အမှုဆောင် အဖွဲ့ဝင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်စိုးတို့က ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက် နေမှုများ၊ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိဉာဏ် ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပါမောက္ခချုပ်များကော်မတီ၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် ပညာရေးဝန်ကြီး ဦးဟိုပင်က ဆရာနှင့် ကျောင်းသား နွေးထွေးစွာ ပူးပေါင်းလက်တွဲ၍ အရည်အသွေးရှိသော ပညာရေးစနစ်ဖော် ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆလုံတိုင်းရင်းသား ကျောင်းသားကျောင်းသူများ တက္ကသိုလ် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြော ကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁)အရ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးစနစ်ကြီးတစ်ခုလုံး၏ အခြေခံဖောင်ဒေးရှင်းသည် အခြေခံပညာရေး ဖြစ်ပါကြောင်း၊ အခြေခံပညာရေးတွင် KG+12 ပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိပြီး ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစုခြင်း၊ ဆရာဆရာမများအား သင်ကြားသင်ယူမှု နည်းစနစ်များ ပို့ချခြင်း၊ အရည်အသွေးမြှင့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကျောင်းများ၏ လိုအပ်ချက်များ အခက်အခဲများ ဖြည့်ဆည်းဖြေရှင်းပေးခြင်း စသည်ဖြင့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များ အရည်အသွေးမြင့်မားရေးအတွက် ဆရာ ဆရာမများ၏ အရည်အသွေး မြင့်မားအောင် အမြဲမပြတ်ကြိုးစား ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊အိုင်စီတီ ကျွမ်းကျင်မှုနှင့် သင်ကြား သင်ယူမှု အရည်အသွေး မြင့်မားရေးတို့ကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသအတွက် အကြိုးရှိ ထိရောက်သော အသုံးချသုတေသန လုပ်ငန်းများကို ဆောင်ရွက်စေ လိုပါကြောင်း၊ အထူးသဖြင့် ဒေသတွင်း လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး၊ ရေလုပ်ငန်း၊ ခရီးသွား၊ သတ္ထုတွင်း၊ ဈေးကွက်စီးပွားရေး၊ ဘဏ်လုပ်ငန်း၊ ရာဘာ၊ အိုင်တီနည်းပညာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒီရေတော အစရှိသည့် လုပ်ငန်းများအတွက် အကျိုးရှိစေမည့် အသုံးချ သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက် စေလိုပါကြောင်း၊ ဆရာဆရာမများ အရည်အသွေး မြင့်မားမှသာလျှင် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ မြိတ်တက္ကသိုလ်အနေဖြင့် ကမ္ဘာအဆင့် တက္ကသိုလ်များ သတ်မှတ်ချက်တွင် ယခင်ကထက်ပိုမိုမြင့်မား လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍ မိမိတို့၏ တက္ကသိုလ်အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံးညီညီ ညွှတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာနတွင်း စီမံခန့်ခွဲမှုများဖြစ်သည့် အတန်းခွဲဝေမှု၊ သင်ကြား သင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်စသည်များတို့ကို ဘက်လိုက်မှု မရှိဘဲနှင့် ဆရာမွေး တပည့်မွေး မလုပ်ဘဲ ကောင်းမွန်သန့်ရှင်းသော စိတ်စေတနာ အပြည့်ဖြင့် လုပ်ထုုံးလုပ်နည်း၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စာသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်း သဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်း စာအုပ် စာတမ်းကြေးများ၊လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေး များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ စာရင်းစစ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ကျောင်းသား ကျောင်းသူများကို အပတ်စဉ် တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေ ရှင်းနိုင်သည့်ကိစ္စရပ်များကို ပါမောက္ခချုပ် ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံညှိနှိုင်း ဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခချုပ်များ ကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်ပါကြောင်း၊ အခက်အခဲ၊မပြည့်စုံမှု၊ ပြဿနာစသည့် စိန်ခေါ်မှုများသည် လူတိုင်း၊နေရာတိုင်းတွင်ရှိပြီး ထိုပြဿနာ စိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန်နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်း ဆောင်ရွက် တတ်ရေး၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက် အသုံးပြု၍စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုး တိုးတက်စေရေး၊ တာဝန်ယူ၊တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း ရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြား သင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေး ပိုမိုမြင့်မားလာရေး နိုင်ငံတကာ နှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရ လူငယ်မောင်မယ်များ ပြုစုမွေးထုတ်ပေးနိုင်ရေး အတွက် အားလုံးဝိုင်း ဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း၍ ကျောင်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် စာသင်ဆောင်၊ Lab ပစ္စည်းများ၊ စာကြည့်တိုက်၊အားကစားရုံ၊ အားကစားကွင်း၊ ထမင်းစားဆောင်၊ဝန်ထမ်းအိမ်ရာများ၊ ဆိုင်ကယ်ရပ်နားရန် နေရာ၊ကျောင်းကြို/ပို့ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရာ ပြည် ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည် ဆွေးနွေးဖြေကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် နည်းပညာတက္ကသိုလ်(မြိတ်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(မြိတ်)နှင့် ကွန်ပျူတာတက္ကသိုလ်(မြိတ်)သို့ သွား ရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသည့် သင်ကြားသင်ယူမှု အခြေအနေများ၊ ပြုပြင် ပြောင်းလဲဆောင်ရွက် နေမှုအခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ရမည့် ကျူးကျော်မြေယာပြဿနာများ၊

လျှပ်စစ်မီးလိုအပ်ချက်၊ အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ပညာရေးလုပ်ငန်းစဉ်များကို ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ၂၁၊၂၊၂၀၁၉ ရက်နေ့တွင် ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)၊ ထားဝယ်ပညာရေးကောလိပ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ထားဝယ်)နှင့် ထားဝယ်တက္ကသိုလ်များ သို့လည်းကောင်း၊ ၂၂၊၂၊၂၀၁၉ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(ထားဝယ်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ကော့သောင်း)နှင့် ကော့သောင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့လည်းကောင်း သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံကာ ပညာရေး လုပ်ငန်းစဉ်များ၊ အခက်အခဲ၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.