ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှု


Date : 7 March, 2019

????????????????????????????????????

GIFMaker.org_Em9xyl
နေပြည်တော် မတ် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဦးမျိုးဝင်းအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် မတ်လ(၇)ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာ) ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆို နေစဉ် ကာလအတွင်း စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ အလင်းရောင်နည်းပါးသော စာဖြေခန်းများ၌ လိုအပ်သောအလင်းရောင် ရရှိရေး ဆောင်ရွက်ပေးရန်နှင့်အခြားလိုအပ်ချက်များ ပေါ်ပေါက်လာပါက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်၍ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊တပ်ကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ရေဆင်း)၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အားမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန(၁၈၆၅)ခုနှင့် နိုင်ငံခြားစာစစ်ဌာန( ၂၁ )ခု၊ စာစစ်ဌာနစုစုပေါင်း(၁၈၈၆)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၈၉၇၉၉၄)ဦး စာရင်းပေးသွင်း ကြပြီး (၈၅၀၈၉၀)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း(၅၀)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၂၆၁၂၃)ဦး စာရင်းပေးသွင်း ကြပြီး (၂၄၈၀၇) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.