ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဘားအံမြို့ရှိ တက္ကသိုလ်များ၊ ပညာရေးကောလိပ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ


Date : 11 March, 2019

DSC_7979

GIFMaker.org_lbqzkG

ရန်ကုန် မတ် ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကရင်ပြည်နယ် ဘားအံမြို့ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (ဘားအံ)ရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့်ပညာဦးစီး ဌာနနှင့် ပါမောက္ခချုပ်များ ကော်မတီ၏ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုများနှင့် တက္ကသိုလ်များ၏ ကမ္ဘာ့တက္ကသိုလ် အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိညာဉ်  ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေး အာမခံမှု၊ သုတေသန၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် တက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်များကော်မတီ၏ လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်း ပြောကြားလိုပြီး ပါမောက္ခချုပ်များ ကော်မတီအနေဖြင့် တက္ကသိုလ်များ၏ သင်ကြားသင်ယူရေး စီမံခန့်ခွဲမှုအား ကောင်းလာစေရေး ပေါင်းစပ်သည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကွန်ပျူတာနှင့်နည်းပညာ ပညာရပ်များ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို လိုအပ်လျက် ရှိပါကြောင်း၊ နည်းပညာကျွမ်းကျင်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သည့်အတွက် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အင်္ဂလိပ်စာ ကောင်းမွန်ရန် အဓိက လိုအပ်ပါကြောင်း၊ ပညာသင်ယူရာတွင် အခက်အခဲ ကြုံတွေ့ရသည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး များကို ထောက်ပံ့ပေးလျက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတကာ ပညာတော်သင်ဆုများနှင့် ပတ်သတ်၍ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြု အားပေးလျက် ရှိပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် အမှားအမှန် အဆိုးအကောင်း အကျိုးအကြောင်း ခွဲခြားသုံးသပ် ဆင်ခြင်နိုင်စွမ်းရှိရန် သင်ယူခြင်းကို အားပေး ဆောင်ရွက် လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို များများသင်ယူလေ့လာနိုင်ရန် ကျောင်းစာကြည့်တိုက်များကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့်အတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ စာပေယဉ်ကျေးမှုနှင့် အနုပညာဓလေ့ ထုံးတမ်းစဉ်လာများကိုလည်း မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ အချင်းချင်း အပြန်အလှန် နားလည်မှုရှိရန် လိုအပ်ပြီး အချင်းချင်းကူညီ ပူးပေါင်း ဆောင်ရွက်တတ်သည့် လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှ လူငယ်များနှင့် နိုင်ငံတကာမှ လူငယ်များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရာတွင် ဘာသာစကားများ ကျွမ်းကျင်ရန်လိုအပ်ပြီး အထူးသဖြင့် အင်္ဂလိပ်စာ အရည်အသွေး ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များလည်း ဖွံ့ဖြိုးတိုးတက် စေရေး၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း ရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း။

ပညာရေးအရည် အသွေးကောင်းမွန်ရန် ဆရာ ဆရာမများ၏ အရည်အသွေးကောင်းမွန်ရန်နှင့် သင်ရိုးညွှန်းတမ်း၊ သင်ကြား သင်ယူမှု နည်းလမ်းများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းရန်လိုအပ်ပြီး အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အရည်အသွေးများ ကောင်းမွန်ရန်အတွက် မွမ်းမံသင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သုတေသန ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာ ဆရာ ဆရာမများ စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ရိုးညွှန်းတမ်းများကို ပြုစုသင်ကြား ပေးနိုင်မည်ဖြစ်ပြီး Project based learning (high-tech learning, high-touch learning)အသုံးပြုခြင်းဖြင့် Innovation and Creation ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အသုံးချသုတေသန လုပ်ငန်းများဖြစ်ရန် လိုအပ်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏စီးပွားရေး၊ ခရီးသွားလာရေးနှင့် အကျိုးစီးပွားကိုအကျိုးပြုပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်သည့် ဘွဲ့သင်တန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ၊ ပုဂ္ဂလိကပြင်ပများမှ သိရှိနိုင်ရန်အတွက် မိမိတို့၏တက္ကသိုလ်၏ Website များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားရန်လိုအပ်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု font အား အသုံးပြုရန် လိုအပ်ပါကြောင်း၊ ကျောင်းများတွင် စက်မှုလုပ်ငန်းရှင်များ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Job Fair များပြုလုပ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စားသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံ တင်ဒါကြေး၊ ကျောင်းသုံး ရည်ညွှန်းစာအုပ် စာတမ်းကြေးများ၊ လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေးများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ စာရင်းစစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်း ဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကို အပတ်စဉ်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခချုပ်များကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်ပါကြောင်း၊ လူတိုင်းတွင် အခက်အခဲများ၊ ပြဿနာများရှိသည့်အတွက် ဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်ပေးရန် လာရောက်ခြင်း ဖြစ်ပါကြောင်းနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးနိုင်ရန် အားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လက်ထောက်နည်းပြရာထူး တိုးမြှင့်ခွင့်ပေးရေး၊ သန့်ရှင်းရေးဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်း ထပ်မံခန့်ထားရေး၊ အင်တာနက်လိုင်းများ တပ်ဆင်ပေးရေး၊ သင်ရိုးညွှန်းတမ်း စာအုပ်များ အချိန်မီရရှိရေး၊ ကျောင်းဆောင်များ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် Toiletများပြုပြင်ပေးရေး၊ ကျောင်းခြံစည်းရိုး ကာရံပေးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက ပေါင်းစပ်ညှိနှိုင်း ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် နည်းပညာက္ကသိုလ် (ဘားအံ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)၊ ဘားအံတက္ကသိုလ်နှင့် ပညာရေးကောလိပ် (ဘားအံ)များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။



Bookmark the permalink.

Comments are closed.