ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသည့် ရွှေ့ပြောင်းကျောင်းသား ကျောင်းသူများအား အားပေးစကားပြောကြား


Date : 11 March, 2019

DSC_8416

GIFMaker.org_nBD3Kf
ရန်ကုန် မတ် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့ သို့ ရောက်ရှိကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေးကေ့ကော်ငြိမ်းချမ်းရေးကျေးရွာရှိ “ဒူပလာ” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၄၆)ဦး တည်းခိုနေသည့် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “SAW” ပညာသင်ကျောင်းမှ ကျောင်းသားကျောင်းသူ (၁၉)ဦး တည်းခိုနေသည့် မြဝတီမြို့ အမှတ် (၅)ရပ်ကွက် မြဝတီမူလတန်းလွန်ကျောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “ဆာသူးလေ” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၆၄)ဦး တည်းခိုနေသည့် မြဝတီမြို့အမှတ်(၄)ရပ်ကွက် မဟာစည်ဘုန်းတော်ကြီး ကျောင်းနှင့် ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “သွေးသစ်” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၅၄)ဦး တည်းခိုနေသည့် မြဝတီမြို့ မိကျောင်းကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် ခေါက်ဆွဲခြောက် ထုတ်(၅၁၀)ထုတ် ပေးအပ်ခဲ့သည်။
ယမန်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ “ဆာသူးလေ”ပညာသင်ကျောင်းမှ(၄၈)ဦး၊ “SAW” ပညာသင် ကျောင်းမှ(၁၉)ဦး၊ “သွေးသစ်” ပညာသင်ကျောင်းမှ (၅၄)ဦး စုစုပေါင်း (၁၂၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၂၅) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကော့ကျိုက်)စာစစ်ဌာနများသို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မုတ္တမ) စာစစ်ဌာနများသို့လည်းကောင်း သွားရောက်၍ ကျောင်းသား ကျောင်းသူ များ၏ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို နေမှုများနှင့် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၏ စာမေးပွဲ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ကရင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၇၃၀) ဦးရှိပြီး မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၃၀၅၇၉) ဦးရှိကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.