ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသည့် တတိယအကြိမ် သင်ကြားသင်ယူမှုစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲနှင့် နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ


Date : 23 March, 2019

????????????????????????????????????

GIFMaker.org_WPNtlc

နေပြည်တော် မတ် ၂၃

ပညာရေးဝန်ကြီးဌာနသို့ ပြည်တော်တိုးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၃၊ ၃၊ ၂၀၁၉ ရက်နေ့ နံနက် ၈း၃၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ အလက(၂)မိုးထိကျောင်း၌ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၂)မိုးထိ နှစ်ထပ်ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုကြ သည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းအား ဒသမတန်းကျောင်းသားကျောင်းသူများက “အမိကျောင်းတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။

ယင်းနောက် ပထမတန်းကျောင်းသားကျောင်းသူလေးများက “ထာဝရမြန်မာ” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပညာရေးသင်ကြားသင်ယူမှုများကို အရှိန်အဟုန်နှင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေကြပြီး အပြိုင်အဆိုင် ရင်းနှီးမြှပ်နှံ ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာနှင့် လိုက်လျောညီထွေရှိသည့် (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်း ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေပါကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ၊ ပညာသင်ယူမှု အခွင့်အလမ်းများကို တိုးမြှင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စာမေးပွဲ ရလဒ်ကောင်းရရှိရန် သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်းသင်ယူလာအောင် ဦးတည်သည့် သင်ကြားသင်ယူမှုစနစ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အကျင့်စာရိတ္တကောင်းမွန်သော လူသားကောင်းများဖြစ်စေရေး၊ တရားမျှတမှုကိုချစ်မြတ်နိုး တတ်စေရေး၊ အမှိုက်ပြစ်ခြင်းမှ အစပြုကာ စည်းကမ်းရှိရေး၊ မူးယစ်ဆေးဝါး၊ လောင်းကစား အန္တရာယ်များ ကင်းရှင်း၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်တတ်ရေး တို့အတွက် အားလုံးညီညီညွှတ်ညွတ် ဝိုင်းဝန်းပြုစု ပျိုးထောင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြော ကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ ဦးတင်မောင်ဝင်း(M.D, ILBC)က ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသော သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခြင်းနှင့် Video Conferencing Device လှူဒါန်းမှုအတွက် ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် ဦးစည်သူဖြိုးမြင့်(M.D, ပြည်တော်တိုးကမ္ပဏီ) က ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအတွက် ဝမ်းမြောက်ပီတိစကား ပြောကြားသည်။

ယင်းနောက် ဦးတင်မောင်ဝင်း(M.D,ILBC)က Video Conferencing Device အားပေးအပ်လှူဒါန်းရာ အထက(ခွဲ)၊အလက-၂ မိုးထိကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီညွှန့်က လက်ခံရယူသည်။

ယင်းနောက် မန္တလေးဖောင်တော် ဦးကျောင်းတိုက်မှ ဆရာတော်ဦးနာယက က Video Conferencing Device ဖြင့် သြဝါဒစကားမြွတ်ကြားသည်။

ထို့နောက် RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ် အလံများအား ပေးအပ်ကြသည်။

ဆက်လက်၍ အထက(ခွဲ)၊အလက-၂ မိုးထိကျောင်းအုပ်ဆရာမကြီးဒေါ်နီနီညွှန့်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား၍ ပဉ္စမတန်း ကျောင်းသားကျောင်းသူများက “လောကအားမာန်”သီချင်းဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသည့် တတိယအကြိမ် သင်ကြားသင်ယူမှု စွမ်းရည်မြှင့်သင်တန်း တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား ဆွေးနွေးပို့ချကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.