ပဲခူး၊ မွန်နှင့်မကွေးတို့တွင်(၂)နှစ်တာဝန်ထမ်းဆောင်မည့် အမေရိကန် စေတနာ့ဝန်ထမ်းများ (Peace Corps Volunteers) ကျမ်းသစ္စာကျိန်ဆိုခြင်း ကတိသစ္စာပြု အခမ်းအနားကျင်းပ


Date : 5 April, 2019

1-1

GIFMaker.org_dk5zfx

နေပြည်တော် ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်မကွေးတိုင်းဒေသကြီးတို့တွင် (၂)နှစ် တာဝန်ထမ်း ဆောင်မည့် အမေရိကန်စေတနာ့ ဝန်ထမ်းများ (Peace Corps Volunteers) ကျမ်းသစ္စာ ကျိန်ဆိုခြင်း ကတိသစ္စာပြုအခမ်းအနားကို ၅၊ ၄၊ ၂၀၁၉ ရက်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ (Summit Parkview Hotel)ဆန်းမစ်ပါခ့်ဗျူးဟိုတယ်ရှိ ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ အမေရိကန်သံရုံး၊ သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးချုပ်များ၊ အမေရိကန်စေတနာ့ဝန်ထမ်း (Peace Corps Volunteers) များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ အမေရိကန်စေတနာ့ဝန်ထမ်း (Peace Corps Volunteers)များက အမေရိကန် နှင့်မြန်မာနိုင်ငံတော် သီချင်းများကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက် စီမံကိန်းနှင့်လေ့ကျင့်သင်ကြားရေးဒါရိုက်တာ အက်ဂနက်စ် လမ်(Agnes Lam)၊ လေ့ကျင့်သင်ကြားရေးမန်နေဂျာ ဦးစိုးစံ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြော၍ ပိစ်ကော မြန်မာနိုင်ငံတာဝန်ခံ ပမ်မလာ မာတင်(Pamela Martin,Country Director,Peace Corps) က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အမေရိကန်သံရုံး၊ သံအမတ်ကြီး စကော့မာစီရယ်လ် (Scot Marciel, U.S. Ambassador, U.S. Embassy)က အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင် လူထုနှင့်အနီးကပ်ထိတွေ့၍ အင်္ဂလိပ်စာကျွမ်းကျင်မှုအတွက် (၂)နှစ်ကြာ လေ့ကျင့်သင်ကြားပေးမည့် အမေရိကန်ပြည်ထောင်စုမှ စေတနာ့ဝန်ထမ်း (Peace Corps Volunteers)များအား လှိုက်လှဲစွာကြိုဆို ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် Peace Corps အဖွဲ့ ကြီး၏ ပူးပေါင်းပါဝင်မှုကို ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာအနေဖြင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအား တစ်သက်တာသင်ယူလေ့လာပြီး အနာဂတ် ကမ္ဘာအတွက် ကောင်းကျိုးများ ဆောင်ကြဉ်းပေးနိုင်မည့်သူများဖြစ်စေရန် ဆောင်ရွက်လျက်ရှိရာ Peace Corps ၏ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဟူသော မျှော်မှန်းချက် နှင့်ကိုက်ညီသောကြောင့် အတူပူးပေါင်း လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ယင်းနောက် ပိစ်ကောစေတနာ့ဝန်ထမ်းများက “ကျွန်ုပ်သည်မြန်မာနိုင်ငံသားများနှင့် အတူယှဉ်တွဲပြီး တာဝန်ထမ်းဆောင် သွားရန် ကတိပြုပါသည်။ ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့မှ ပြည်သူလူထုနှစ်ရပ်အကြား ငြိမ်းချမ်းရေးနှင့် ရင်းနှီးချစ်ကြည်မှုပေါင်းကူး တည်ဆောက်ရာတွင် ပါဝင်ကူညီရန်ကတိပြုပါသည်။ ကျွန်ုပ်သည်နှစ်နိုင်ငံ ယဉ်ကျေးမှုအကြား နားလည်မှုကို ပြုစုပျိုးထောင်ရာတွင် လေးစားမှု၊ သတိရှိမှုတို့ဖြင့်လုပ်ဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ်သည် ဆောင်ရွက် ရမည့် တာဝန်များကို သည်းခံခြင်း၊ နှိမ့်ချရိုကျိုးခြင်းနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ်သည် Peace Corps စေတနာ့ဝန်ထမ်းတစ်ဦးအနေဖြင့် Peace Corps ၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာ သမိုင်းကြောင်းကို ဦးထိပ်ထားပြီး ဂုဏ်သိက္ခာရှိမှု၊ တာဝန်သိမှုအစရှိသော အမြင့်မားဆုံးစံနှုန်းများဖြင့် ထမ်းဆောင် သွားရန်ကတိပြုပါသည်။’’ဟု စေတနာ့ ဝန်ထမ်းကတိသစ္စာပြုကြသည်။ ပိစ်ကော စေတနာ့ ဝန်ထမ်းများကိုယ်စား တိုင်လာရှူးစတားရှချ့်(စ်) (Tyler Shustarich), အန်နာဖစ်ရှာ(Anna Fisher)တို့က စေတနာ့ဝန်ထမ်းသုံးသပ် ချက်(Volunteer Reflections) များပြောကြားသည်။ ယင်းနောက် ပိစ်ကော စေတနာ့ဝန်ထမ်းများက သင်္ကြန်အကဖြင့် ကပြဖျော်ဖြေကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလိပ်ဘာသာစကားသင်ကြားပေးရန်အတွက် အမေရိကန် Peace Corps အဖွဲ့မှ ပထမအကြိမ်အနေဖြင့် စေတနာ့ဝန်ထမ်း(၆)ဦး လာရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ဒုတိယအကြိမ်အဖြစ် (၁၆)ဦးလာရောက် ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်းတိုင်းဒေသကြီးတို့တွင် အမေရိကန်စေတနာ့ဝန်ထမ်း ဆရာဆရာမများလာရောက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်မကွေးတိုင်းဒေသကြီးတို့တွင် အင်္ဂလိပ်စာ သင်ကြားပေးရန်အတွက် အမေရိကန် စေတနာ့ဝန်ထမ်း ဆရာဆရာမ (၃၂)ဦးအား တာဝန်မထမ်းဆောင်မီ မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများကို လုပ်ငန်းခွင်ကြို လေးလတာ သင်တန်းပို့ချပေးခဲ့သည်။

ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန်စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများကို အရည်အသွေးမီ အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချရေး၊ ပညာရေးအဆင့်အတန်းမြှင့်တင်ရေး၊ ဆရာဆရာမများ၏ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၏ တတိယတန်း သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် သင်ကြားသင်ယူဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်း၌ ကျင်းပသည့် ပါမောက္ခချုပ်များကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားပြီး အခမ်းအနားကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်သော အခြေခံပညာ အဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေး သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများအား “Survey of Improvements and Challenges in Basic Education” ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချသည်။ ယင်းနောက် သင်တန်းသားသင်တန်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က ပြန်လည်ဆွေးနွေးဖြေကြားကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.