၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကျင်းပ


Date : 9 April, 2019

????????????????????????????????????

GIFMaker.org_moZzR7

နေပြည်တော် ဧပြီ၉
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်အခမ်းအနားကို ၉၊၄၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် ညောင်ဦးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ၊ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါ မောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ မန္တလေးတက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်များမှ စေတနာရှင် လုပ်အားပေး ကျောင်းသားကျောင်းသူများနှင့် ကြီးကြပ်ဆရာဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)မှ ကျောင်းသားကျောင်းသူများက ”လူတိုင်းအတွက်ပညာရေး” သီချင်းကို သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ နာယက၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီကာလ တက္ကသိုလ်ကျောင်းပိတ်ချိန်တွင် အနားမယူဘဲ မွန်မြတ်သည့် စေတနာဖြင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် ပညာဒါနလုပ်အားပေးကြမည့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအား အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ငါးသန်းကျော်သည် မြန်မာစာအရေး၊အဖတ်၊အတွက် တတ်မြောက်မှု မရှိသေးပါကြောင်း၊ လူတိုင်းဘဝသာယာရေးအတွက် ဝင်ငွေစီးပွားရေးကောင်းမွန်ဖို့ အရေးကြီးပါကြောင်း၊ ဝင်ငွေစီးပွားရေး ကောင်းမွန်ဖို့အတွက် အခြေခံအရေး၊ အဖတ်၊အတွက် တတ်မြောက်ရေးသည် အလွန်အရေးကြီး ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခြေခံစာမတတ်မြောက်ခဲ့သူများ စာတတ်မြောက်ရေး အတွက် ယခင်ကနွေရာသီကာလ များတွင်သာ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ တက္ကသိုလ် ကျောင်းသားကျောင်းသူများ အားလပ်ချိန်ဖြစ်သည့် ဧပြီ၊မေ၊နှင့် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကြားကာလများတွင် ဒေသခံစေတနာရှင် လုပ်အားပေးလူငယ် မောင်မယ် များဖြင့် တစ်နှစ်ပတ်လုံး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေ ပါကြောင်း၊ ယနေ့မှစ၍ ရက်ပေါင်းလေးဆယ်အတွင်းညောင်ဦးခရိုင်တွင် စာသင်ဝိုင်းပေါင်း(၁၀၆)ဝိုင်းမှ စာသင်သား (၁၀၃၃)ဦးအား မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်တို့မှ စေတနာရှင်လုပ်အားပေး ကျောင်းသား ကျောင်းသူ (၂၂၃)ဦးတို့က အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးညီညီညွှတ်ညွှတ် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူက အမှာစကားပြောကြားကာ စေတနာရှင် လုပ်အားပေး ကျောင်းသားကျောင်းသူများ၊ ကြီးကြပ်ဆရာရာမများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား ကျောင်းသူလေးများက “ပုဂံအက” ဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေ ကြသည်။
ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ထွန်းက ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ယင်းနောက် စာတတ်မြောက်ရေးလှုပ်ရှားမှု Video Clip ပြသပြီးကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.