ပုဂံလူရည်ချွန်စခန်းရှိ လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ကြီးများ တွေ့ဆုံ


Date : 30 April, 2019

????????????????????????????????????

GIFMaker.org_cYMEV1
ပုဂံ ဧပြီ ၃၀
“ပညာ သမ္မာ အာဘာနတ္ထိ” ဆိုသည့်အတိုင်း ပညာနှင့်တူသော အလင်းရောင်သည် မရှိကြောင်း၊ ပညာဆိုသည်မှာ အသိပညာ၊ အတတ်ပညာ နှစ်မျိုးရှိပြီး အသိပညာကြောင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်နိုင်သလို အတတ်ပညာ ကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်နိုင်ကြောင်း၊ ဒါကြောင့် လူရည်ချွန် ကျောင်းသား ကျောင်းသူများအနေဖြင့် အသိပညာရော အတတ်ပညာပါ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက (သုံးထပ်ကွမ်း လူရည်ချွန်)က သြဝါဒစကား မြွက်ကြားသည်။
ဧပြီ ၃၀ ရက် နံနက်ပိုင်းက ပုဂံမြို့ရှိ မြနန်းဘုံ Royal Emerald River View Resort ဟိုတယ်၌ ကျင်းပသည့် ပုဂံလူရည်ချွန်စခန်းရှိ အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ကြီးများ တွေ့ဆုံပွဲအခမ်းအနားတွင် ဆရာတော်က အထက်ပါအတိုင်း မြွက်ကြားခဲ့သည်။
ထို့ပြင် တန်ဖိုးရှိသည့် လူတစ်ဦးဖြစ်ရန်အတွက် အခြေခံအကျဆုံးအချက်သည် မေတ္တာ၊ ကရုဏာနှင့် အသိ၊ ညာဏ်ပညာဖြစ်ကြောင်း၊ မေတ္တာဆိုသည်မှာ သူတစ်ပါး၏ကောင်းကျိုးကို လိုလားသည့်သဘော၊ ရွက်ဆောင်ပေးသည့်သဘော ဖြစ်ကြောင်း၊ ကရုဏာဆိုသည်မှာ သူတစ်ပါး၏ ဆင်းရဲဒုက္ခအခက်အခဲတွေကို ဖြေရှင်းပေးတဲ့သဘော၊ ထို့ပြင် ဆင်ခြင်တုံတရားဆိုသည့် အသိညာဏ်ပညာနှင့် ပြည့်စုံရန် ကြိုးစားကြစေလိုကြောင်း၊ စာဖတ်သည့်နေရာတွင် သုတစာပေကို ဖတ်ရှုသူများသလို၊ ရသစာပေကိုလည်း မဖြစ်မနေဖတ်ရှုရန်လိုကြောင်း၊ ရသစာပေသည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး စိတ်ထားနူးညံ့စေကာ နှလုံးသားလှစေကြောင်း ဆရာတော်က ဆက်လက်မြွက်ကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိကနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အပါအဝင် ၁၉၄၇-၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့သည် တစ်ဦးချင်းအလိုက် မိတ်ဆက်စကား ပြောကြားကာ ၄င်းတို့၏ အတွေ့အကြုံများ မျှဝေခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပုဂံလူရည်ချွန်စခန်းတွင် ရောက်ရှိနေကြသည့် အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများအနေဖြင့် အောင်မြင်သူဖြစ်ဖို့ထက် တန်ဖိုးရှိသည့် သို့မဟုတ် မြင့်မြတ်သည့် လူဖြစ်ရန် ကြိုးစားစေလိုကြောင်း၊ လူတစ်ဦး၏ တန်ဖိုးဆိုသည်မှာ အဲဒီလူ၏ မွေးဖွားချိန်ကစလို့ သေဆုံးချိန်အထိ သူ့ပတ်ဝန်းကျင်အပေါ် အကျိုးပြုနိုင်မှုစုစုပေါင်းသည် ၄င်း၏ တန်ဖိုးဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦးသည် မိမိ၏ မိသားစု၊ ကျောင်း၊ အလုပ်၊ ရပ်ရွာ၊ မြို့၊ နိုင်ငံအတွက် အကျိုးပြုနိုင်မှုများလေ တန်ဖိုးများလေဖြစ်ကြောင်း သြဝါဒစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် တွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လူရည်ချွန် ကြီးများက ဦးဆောင်၍ ၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၇၈ ဦးအား ၁၆ ဦးပါ အုပ်စု ၁၀ ခုနှင့် ကိုးဦးပါ အုပ်စု ၂ ခု စုစုပေါင်း အုပ်စု ၁၈ အုပ်စုခွဲပြီး ညာဏ်စမ်းပဟေဠိ မေးခွန်း ၅၀ မေးမြန်းကာ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့ ဥက္ကဋ္ဌ(အထက်မြန်မာပြည်) ဒေါက်တာမောင်မောင်လေးက လူရည်ချွန်ဟူသည် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့ ဒုတိယဥက္ကဋ္ဌ(အထက်မြန်မာပြည်) ဒေါ်နန်းမြင့်မြင့်လွင်က ပုဂံ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးမြင့်လွင်က အချိန်နှင့်တန်ဖိုး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြပြီး မျိုးဆက်သစ်လူရည်ချွန် အဖွဲ့ကလည်း ၄င်းတို့၏ ပရဟိတ လုပ်ဆောင်မှုများကို ရှင်းလင်းပြောကြားသည်။
ပုဂံလူရည်ချွန် အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက အစမ်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားပြီးပါက ပုဂံလူရည်ချွန်စခန်းရှိ အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများသည် ပုဂံဒေသရှိ ရှေးဟောင်းတန်ခိုးကြီး ဘုရားများအား လှည့်လည်ဖူးမြော် ကြည်ညိုကြမည်ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.