ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကျင်းပ ပုဂံဒေသရှိ တန်ခိုးကြီးဘုရားများသို့ လှည့်လည်ဖူးမြော်ကြည်ညို


Date : 1 May, 2019

????????????????????????????????????

GIFMaker.org_VajerS
ပုဂံ မေ ၁
ပုဂံလူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကို မေ ၁ ရက် နံနက်ပိုင်းက ပုဂံမြို့ရှိ မြနန်းဘုံ Royal Emerald River View Resort ဟိုတယ်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမုခ်ဦးအား မောင်မင်းဟန်သာ(အထက-၁၊ ထားဝယ်)၊ နန်းအေးမြမြရှင်(အထက-၂၊ ဘားအံ)နှင့် မမေဆင်းသစ်[CAE(ကပက)၊ နေပြည်တော်)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ပုဂံလူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအနေအခြေအနေတွင် ပညာရေးပြုပြင် ပြောင်းလဲမှုကဏ္ဍ ဆောင်ရွက်နေချိန်တွင် တစ်ပြိုင်တည်းမှာပင် လူရည်ချွန်စခန်း လုပ်ငန်းများကိုလည်း တွဲဖက်ပြီး ဆောင်ရွက် နိုင်သည့်အတွက် အခြေခံပညာကဏ္ဍတွင် တာဝန်ယူ ဆောင်ရွက်နေသူများအတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း။
လူရည်ချွန်မောင်မယ်များအနေဖြင့် ပထမဆုံးလိုအပ်ချက်ဖြစ်သည့် ကြိုးစားအားထုတ်ခြင်းနှင့် ဗဟုသုတများကို လောကနယ်ပယ်တွင် ရှိသည့် ဗဟုသုတများကို မိမိတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် စုဆောင်းကြရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တဆိုင်ရာ မဖြစ်မနေဖွံ့ဖြိုးရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခြေခံကျသည့် အကျင့်စာရိတ္တတွင် ရိုးသားဖြောင့်မှု၊ စည်းကမ်းလိုက်နာ တတ်မှုနှင့် လူတိုင်း အပေါ်မှာ အလေးထား တတ်မှုဖြစ်ကြောင်း၊ ပြောသမျှ အရာရာတိုင်းကို လက်ခံယုံကြည် ခြင်းမရှိဘဲ စူးစမ်းလေ့လာ မေးခွန်းထုတ်ပြီး ကျိုးကြောင်းဆင်ခြင် သုံးသပ်နိုင်မှု ရှိရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေနှင့် မျက်ခြည်မပြတ် စေရန်အတွက် သတင်းစာဖတ်ရှု လေ့လာရန်လိုအပ်ကြောင်း၊ အခြားသူများ ခိုင်းစေမှုကြောင့်မဟုတ်ဘဲ မိမိ၏ရည်မှန်း ချက်ပန်းတိုင်ကို ရရှိဖို့ မိမိတို့ကိုယ်တိုင် ဆောင်ရွက်နေသည့် အလေ့အထရှိရန် လိုအပ်ကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှုများကို ထိန်းသိမ်းရန်အတွက် ကြိုစားအားထုတ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် လူရည်ချွန်မောင်မယ်များအနေဖြင့် ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန် ထမ်းဆောင်ကြမည့် ခေါင်းဆောင်နေရာ များတွင် ရောက်ရှိလာကြမည်ဖြစ်သည့်အတွက် ခေါင်းဆောင် များတွင် ရှိသင့်သည့် ဆောင်ရန် ရှောင်ရန်များကို အနည်းငယ် ပြောကြားလိုပါကြောင်း။
အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြမည့် လူရည်ချွန်များသည် ပထမအချက်အနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သန်စွမ်းရမည်၊ ထက်မြက်ရမည်၊ ခိုင်မာရမည်ဖြစ်ပြီး ယင်းနှင့်အတူ ယှဉ်တွဲပါလာတတ်သည့် ကြမ်းတမ်းရိုင်းစိုင်းသည့် အပြုအမူများကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ကြင်နာ တတ်ရမည်၊ ထောက်ထားညှာတာတတ်ရမည်ဖြစ်ပြီး ယင်းနှင့်အတူ ကြုံတွေ့လာ နိုင်သည့် စိန်ခေါ်မှုများမှာ ပျော့ညံ့ခြင်း၊ ဆုံးဖြတ်မှုမပေးနိုင်ခြင်း၊ တွေဝေခြင်းများကို ရှောင်ရှားရမည်ဖြစ်ကြောင်း။
တတိယအချက်အနေဖြင့် ရဲရင့်ခြင်း၊ သတ္တိရှိခြင်းနှင့် အကြောက်တရား ကင်းရမည်ဖြစ်ပြီး အနိုင်ကျင့်သည့် ကိစ္စရပ်များကို မပြုလုပ်ရန် လိုအပ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် စဉ်းစားတွေးခေါ်ပြီး အရာရာကို မိမိ၏ ရှုထောင့် တစ်နေရာတည်းက မကြည့်ဘဲ သူတစ်ပါးအပေါ်မှာ ငဲ့ညာတတ်သည့် စိတ်ထားဖြင့် ကြည့်ရမည်ဖြစ်ပြီး ကြန့်ကြာနေတတ်မှု၊ ပျင်းရိ ငြီးငွေ့မှုမရှိရန် လိုအပ်ကြောင်း။
ပဉ္စမ အချက်အနေဖြင့် မိမိကိုုယ်ကို နှိမ့်ချတတ်သည့် အလေ့အထရှိရမည်ဖြစ်ပြီး ယင်းနှင့်အတူ တွဲလျက်ပါလာတတ်သည့် ကြောက်ရွံ့တတ်ခြင်း၊ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခြင်းများကို ရှောင်ရှားရမည် ဖြစ်ကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် ဂုဏ်ယူ တတ်ရမည်ဖြစ်ပြီး မာနကြီးခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် အထက်စီးဆန်သည့် အပြုအမူများကို ရှောင်ရှားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက နှုတ်ခွန်းဆက် စကားပြောကြားပြီး အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား ရင်ထိုးတံဆိပ်များ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ၊ စခန်းတာဝန်ခံ၊ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် လူရည်ချွန်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပုဂံလူရည်ချွန်စခန်းရှိ အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်း စေတီပုထိုးများဖြစ်သည့် ရွှေစည်းခုံ၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပုလ္လင်၊ မြစေတီကျောက်စာနှင့် လောကနန္ဒာ အစရှိသည့် တန်ခိုုးကြီးဘုရားများသို့ လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။



Bookmark the permalink.

Comments are closed.