အင်းလေးခေါင်တိုင်အပန်းဖြေစခန်းရှိလူရည်ချွန်များအင်းလေးကန်နှင့် ညောင်ရွှေမြို့နယ်အတွင်းရှိအထင်ကရနေရာများလေ့လာ


Date : 2 May, 2019

DSC_7679

GIFMaker.org_CmLeiX
ညောင်ရွှေ မေ ၂
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသော လူရည်ချွန်လူငယ် မောင်မယ်များသည် ယနေ့တွင် အင်းလေးကန်နှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီများနှင့် အထင်ကရနေရာများကို သွားရောက်ဖူးမြော် လေ့လာကြသည်။
လူရည်ချွန်လူငယ်များသည် ယနေ့နံနက် ၇ နာရီက အင်းလေးကန်အတွင်း ဟဲယာရွာမရှိ စိန်သမာဓိငွေထည် လုပ်ငန်းသို့ သွားရောက်ကာ ရိုးရာငွေထည် လက်မှုပစ္စည်းများ ထုတ်လုပ်နေမှုကို သွားရောက်လေ့လာကြသည်။ ယင်းနောက် အင်းပေါခုံကျေးရွာရှိ အင်းလေးရိုးရာ ယက္ကန်းစက်ရုံများဖြစ်သည့် အင်းပေါခုံ ယက္ကန်းစက်ရုံနှင့် ခေတ်ဆန်းယဉ် ပိုး၊ ပိုးချည်နှင့် ယက္ကန်းရုံတို့သို့ ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ယက်လုပ် နေမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
အင်းလေးကန်ဒေသ၌ ကျေးရွာပေါင်း ၁၉၄ ရွာတည်ရှိပြီး၁၆၉ရွာသည် အင်းလေးကန်အတွင်း တည်ရှိကာ ရွှေပန်းထိမ်၊ ငွေပန်းထိမ်နှင့် ကြေးထည်လုပ်ငန်းများကိုဟဲယာရွာမတွင် အများဆုံး လုပ်ကိုင်ကြကာ ဆွမ်းတော်တင်ကလပ်၊ ရေခွက်၊ ရေကရား၊ ပန်းနှင့် ရှင်လောင်းအဝတ်တန်ဆာများ စသည့် နိဗ္ဗာန်ကုန်များကို အများဆုံးပြုလုပ်ကြကြောင်း သိရသည်။ ဟဲယာရွာမတွင် ငွေပန်းထိမ်လုပ်ငန်း လုပ်ကိုင်လာသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀ ခန့်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပန်းထိမ်လုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြကြောင်း၊ အဆိုပါ ငွေပန်းထိမ်လုပ်ငန်းသည် ၁၉၉၆ ခုနှစ် မတိုင်မီက ဝယ်ယူသုံးစွဲသူ နည်းပါးမှုကြောင့် လုပ်ငန်းရပ်ဆိုင်းလုမတတ် ဖြစ်သွားပြီး လုပ်ကိုင်သူပညာရှင် နည်းပါးခဲ့ကာ ၁၉၉၆ ခုနှစ် မြန်မာနိုင်ငံခရီးသွားနှစ် ရောက်ရှိချိန်မှသာ ငွေပန်းထိမ်လုပ်ငန်းကို ခရီးသွားလုပ်ငန်းနှင့် တွဲဖက်ကာပုလဲနှင့် ငွေထည်လက်ဝတ်ရတနာ များကိုပါ တိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်ပြန်လည် ဖော်ဆောင်နိုင်မှုကြောင့် ငွေထည်လက်မှုလုပ်ငန်း ပြန်လည်ထွန်းကား လာခြင်းဖြစ်ကြောင်း စိန်သမာဓိ ငွေပန်းထိမ်လုပ်ငန်းပိုင်ရှင် ဦးစိန်လှိုင်ကပြောသည်။
အင်းလေးကန်အတွင်းရှိ ကျေးရွာများအနက် ရိုးရာယက္ကန်းလုပ်ငန်းကိုဟဲယာရွာမ၊ နန်းပန်၊ အင်းပေါခုံ ကျေးရွာများတွင် အများဆုံးလုပ်ကိုင်ကြပြီး ချည်ထည်၊ ပိုးထည်နှင့် ပဒုမ္မာကြာချည်ထည်များ အများအားဖြင့် ယက်လုပ်ကြကြောင်း သိရသည်။ ထို့အတူပန်းပဲလုပ်ငန်းကို ဆည်ခေါင်းကျေးရွာနှင့် စဉ့်ထည်လုပ်ငန်းကို ကျောက်တိုင်ကျေးရွာများတွင် အများဆုံးပြုလုပ်ကြကြောင်း သိရည်။
ထို့နောက် ရှေးဟောင်းသမိုင်းဝင် အလိုတော်ပေါက်ဘုရားနှင့် အင်းလေးဖောင်တော်ဦး ဘုရားများအား ဖူးမြော်လေ့လာကြပြီး မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ပေါ်ရှိစော်ဘွား ၃၃ ဦးစံမြန်းခဲ့သော ညောင်ရွှေဟော်နန်းနှင့် ရွှေဗောဓိ မြို့ဦးစေတီတို့ကို ဖူးမြော်လေ့လာ ကြကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.