၂၀၁၉ ခုနှစ် အင်းလေးလူရည်ချွန်အပန်းဖြေစခန်းအောင်မြင်စွာပိတ်သိမ်း


Date : 4 May, 2019

DSC_9378

GIFMaker.org_jKRqd9
တောင်ကြီးမေ ၄
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်များအားရှမ်း ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းသော ဂုဏ်ပြုညစာစားပွဲနှင့် စခန်းပိတ်သိမ်းပွဲကို ယနေ့ ညနေ ၆နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးမြက်ခင်းပြင်၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူရည်ချွန်မောင်မယ်များအား အင်းလေးခေါင်တိုင်စခန်းတွင် နေထိုင်ခဲ့သည့် ကာလအတွင်း လေ့လာသိရှိရသည့် အချက်များကို မှတ်မိရုံသာမကတွေးတတ်၊ ခေါ်တတ်၊ စိစစ်တတ်ပြီး ကြောင်းကျိုးဆက်စပ် စဉ်းစားတတ်ရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိလိုအပ်ချက်များရှိပါက သင်ဓားတိုလျှင် ရှေ့တစ်လှမ်းတိုးခုတ်ပါ ဆိုသကဲ့သို့ သာမန်ထက် ပိုကြိုးစားအားထုတ် ရမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းစိတ်ပိုင်း အချိုးညီညီဖွံ့ဖြိုးဖို့ စာဖတ်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လူရည်ချွန်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် လူရည်ချွန်များ ကိုယ်စား နဝမတန်းလူရည်ချွန် မောင်ခန့်ညားနန္ဒက ကျေးဇူးတင်စကား ပြောကြားသည်။
အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှူး ညွှန်ကြားရေးမှူး ဦးဝင်းမောင်ဦးဆောင်သော ၂၀၁၉ ခုနှစ် နဝမတန်းလူရည်ချွန် လူငယ်များသည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ရှိထမ်းဆန်းလိုဏ်ဂူသို့ သွားရောက် လေ့လာကြသည်။ ထမ်းဆန်းလိုဏ်ဂူသည် ၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ဟိုပုံးမြို့ မေတ္တာခမ်းတန် ကိုရင်လေးရှင်ပေါရိဿ ဦးဆောင်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စတင်ဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။ ဂူဝအကျယ် အကျယ် ၁၅ ပေ၊ အမြင့် ၁၂ ပေခန့်ရှိပြီးအတွင်းပိုုင်း ၂၁၈၅ ပေအထိ သဘာဝ ကျောက်စက်ပန်းစွဲများ၊ ကျောက်စက်မိုးမျှော်များနှင့် ဘုရားစေတီပုထိုးများစွာကို ဖူးမြော်လေ့လာကြသည်။ ထမ်းဆန်းဂူဟု ခေါ်တွင်ရခြင်းမှာရှမ်းဘာသာဖြင့် ထမ်းကျန့်ဟုခေါ်တွင်ပြီးထမ်းသည် ဂူဖြစ်ပြီးကျန့်သည် ဆင်ဟုလည်းကောင်း၊ ပအိုဝ်းဘာသဖြင့် ထမ်းသည် ဂူဖြစ်၍ ဆန်းသည် ထူးဆန်းသည်ဟုလည်းကောင်းအဓိပ္ပါယ်ဖွင့်ဆိုကြပြီးယခုအခါ ထမ်းဆန်းလိုဏ်ဂူသည် ဟိုပုံးဒေသ၏ အထင်ကရနေရာတစ်ခုအဖြစ် တည်ရှိနေသည်။ ရှေးဟောင်းသုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရယင်းဂူ၏ သက်တမ်းသည် နှစ်ပေါင်း ၂ ဒသမ ၅ သန်းမှ ၃သန်းခန့်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။
ယင်းနောက် လူရည်ချွန်လူငယ်များသည် ထမ်ဆန်းဂူရွှေတိဂုံပုံတူစေတီတော်ကြီးကိုသွားရောက်ဖူးမြော် လေ့လာကြသည်။ အဆိုပါ စေတီတော်ကြီးကို ၁၃၇၃ခုနှစ် တပေါင်းလပြည့်နေ့တွင် ပန္နက်ရိုက်၊ အုတ်မြစ်တော်ချပြီး ၁၃၇၆ ခုနှစ် တပေါင်းလဆန်း ၁၄ ရက်နှင့် လပြည့်နေ့တို့တွင် ထီးတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ခဲ့ပြီးစေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ တောင်ရှိကာ အရံစေတီတော် ၆၄ ဆူဖြင့် တည်ထားကိုးကွယ်ထားသည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန်လူငယ်များသည် ကျောက်တလုံးကြီးမြို့နယ် ရှိမွေတော်ကက္ကူဘုရားများကို သွားရောက် ဖူးမြော်လေ့လာ ကြသည်။ ရှေးဟောင်းမွေတော်ကက္ကူ၏ အဓိပ္ပါယ်မှာ ပအိုပ်းဘာသာစကားအရ ကက်ဆိုသည်မှာ စခန်း၊ကင်းစခန်းဖြစ်ပြီး ကူဆိုသည်မှာ နယ်ခြားဖြစ်သည်။ မွေတော်ကက္ကူ ဆိုသည်မှာ နယ်ခြားစခန်းက ဘုရားဖြစ်သည်၊။ အဘယ်ကြောင့်ဆိုသော် မွေတော်ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင် စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင် နယ်အစပ်ဒေသတွင် တည်ရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် စေတီပေါင်း ၂၅၀ဝ ခန့်ရှိပြီးပါးစပ်ရာဇဝင် အရတောင်သူကွမ်းညှပ် တဖျပ်ဖျပ်ဟုခေါ်ပြီး စေတီပေါင်း ၇၆၂၃ ဆူရှိသည်ဟုဆိုကြသော်လည်း မှတ်တမ်းများအရ ၁၉၁၈ ခုနှစ်တွင် ၂၄၀၂ ဆူ၊ ၁၉၂၈ ခုနှစ်တွင်၂၅၄၈ ဆူ နှင့် ၂၀ဝ၁ခုနှစ်တွင် ၂၄၇၈ ဆူရှိခဲ့ကြောင်း သိရသည်။
ထို့နောက် လူရည်ချွန်ကျောင်းသားကျောင်းသူများသည် တောင်ကြီးမြို့ရှိ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်၍ တိုင်းရင်းသား ရိုးရာပြခန်းများ ကြည့်ရှုလေ့လာကြကာ မြို့မဈေးကြီးအတွင်းဒေသ၏ ရောင်းဝယ်ဖောက်ကားမ ှုအခြေအနေများကို သွားရောက် လေ့လာကြသည်။ ညပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မီးပုံပွဲကျင်းပ၍ စခန်းသိမ်းပွဲကို ပျော်ရွှင်စာကျင်းပခဲ့ ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.