ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ဆဋ္ဌမတန်း(Grade-6) သင်ရိုးသစ်ဆွေးနွေးပွဲ သွားရောက်ကြည့်ရှုအားပေး


Date : 15 May, 2019

32

GIFMaker.org_T8RhmW
နေပြည်တော်၊ မေ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပညာရေးမှူး ဦးမျိုးဝင်းအောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၁၅၊၅၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သော (Grade-6) ဆဋ္ဌမတန်း သင်ရိုးသစ်ဆွေးနွေးပွဲနှင့် သင်တန်းများသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်ဝန်ကြီးနှင့် အဖွဲ့သည် ပြခန်းအတွင် ပြသထားသော သင်ရိုးဟောင်း၊ သင်ရိုးသစ်ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (Grade-6) ဆဋ္ဌမတန်းသင်ရိုးသစ် ဆွေးနွေးပွဲ သင်တန်းတွင် ဘာသာရပ်အလိုက် ဆွေးနွေးနေမှုများ၊ သင်ကြားသင်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအား အမှာစကားပြောကြားရာတွင် ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာဆရာမများသည် အဓိကအရေးအကြီးဆုံးပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ဆရာဆရာမများ၏ ကြုံတွေ့ရသည့် အခက်အခဲ လိုအပ်ချက်များကို ကျောင်းအုပ်များက ပံ့ပိုးကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်များကိုလည်း မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပညာရေးမှူး၊ ထိုမှတဆင့် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဆင့်ကဲဆင့်ကဲ ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် မိမိတို့၏သင်ကြားသင်ယူမှု အရည်အသွေး တိုးတက်မြင့်မား လာစေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ဆောင်ရွက် ကြစေလိုပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အလယ်တန်းပညာရေးစနစ်၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်၍ ကျောင်းသား ကျောင်းသူများအား ပြန်လည်သင်ကြားရာတွင် အလွတ်ကျက်မှတ်မှုစနစ်မှ ကိုယ်တိုင်စဉ်းစား တွေးခေါ်နိုင်မည့် အလေ့အကျင့်ကောင်းများ ရရှိအောင် သင်ကြားပေးစေလိုပါကြောင်း၊ ပြဋ္ဌာန်းစာအုပ်အတိုင်း သင်ကြားရာတွင်လည်း မိမိတို့၏ အတွေ့အကြုံများ ပေါင်းစပ်၍ တီထွင်ဆန်းသစ်မှုကို အားပေးသည့် သင်ကြားသင်ယူမှုကောင်းများ ရရှိအောင် သင်ကြားပေးစေလိုပါကြောင်း၊ ဆရာဆရာမများ၏ နေထိုင်စားသောက်ရေး ဆောင်ရွက်ထားမှုများနှင့် အခက်အခဲများ ပေါ်ပေါက်လာပါက အချိန်နှင့် အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားပြီး လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ ခရိုင်အဆင့်(Grade-6) ဆဋ္ဌမတန်းသင်ရိုးသစ် ဆွေးနွေးပွဲသင်တန်းများကို နေပြည်တော်၊ဒ က္ခိဏခရိုင်တွင် ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်၊ ဥတ္တရခရိုင်တွင် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကျည်တောင်ကန်)၊တပ်ကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျင်းပလျက် ရှိသည်။သင်တန်းတွင် နည်းပြဆရာဆရာမ (၉၁)ဦးက ဘာသာရပ်အလိုက် ခေါင်းစဉ်ငယ်များခွဲ၍ ဆွေးနွေးပို့ချကာ (Grade-6) ဆဋ္ဌမတန်းသင်ရိုးသစ် သင်ကြားမည့် ဆရာဆရာမ (၂၉၁၉)ဦးတို့ တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ မေ(၁၀)ရက်မှ မေ (၂၄)ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.