Transformation by Innovation in Distance Education (TIDE) ၏ 3th Residential School ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 20 May, 2019

DSC_7590

GIFMaker.org_ffcvu0
ရန်ကုန် မေ ၂၀
Transformation by Innovation in Distance Education (TIDE) ၏ 3th Residential School ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် သိပ္ပံသုတေသန အဆောက်အဦရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် TIDE စီမံချက်သည် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံမှတက္ကသိုလ်များအတူတကွပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည့် အဝေးသင်ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရန် အဝေးသင်ပညာရေးတွင် သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူပေါင်း ၅၀ဝ၀ဝ၀ ကျော်ကို အလုပ်အကိုင်အခွင့် အလမ်းရရှိနိုင်သော ကျွမ်းကျင်မှုများ တိုးတက်စေရန်အတွက် မျှော်မှန်းဆောင်ရွက် လျက်ရှိသည့် စီမံချက်ဖြစ်ပါကြောင်း၊ TIDE စီမံချက်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အသိပညာဖြစ်သည့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ သိပံ္ပပညာရပ်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ သင်ရိုးညွှန်းတမ်းများလည်း ကမ္ဘာ့အဆင့်မီ ဖြစ်ပေါ်လာစေရန် ရည်ရွယ် ပါကြောင်း၊ ထို့ပြင် ယခုဘာသာရပ်မှ ရရှိလာသော တိုးတက်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့် ပညာရပ်များတွင် ပြန်လည်အသုံးချရန်အတွက်လည်း ထပ်ဆင့်အကြံဉာဏ်ကောင်းများ ပေးသွားမည် ဖြစ်ပါကြောင်း။
TIDE စီမံချက်သည် ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် ကောင်းစေရန်အတွက် ကူညီထောက်ပံ့ပေးရန် ကြိုးစားအားထုတ်လျက်ရှိပြီး အဆင့်မြင့်ပညာဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မဟာဗျူဟာဖော်ဆောင်ခြင်းနှင့် မှန်ကန်သော ဦးဆောင်မှုများ ပြုလုပ်ပေးနိုင်ရန်အတွက်လည်း ထပ်ဆင့်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံချက်သည် ၂၀၂၁ စက်တင်ဘာလအထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင်ရှိသော တက္ကသိုလ် စုစုပေါင်း ၃၀ ကျော်နှင့် ဆရာ ဆရာမနှင့် တက္ကသိုလ်ဝန်ထမ်းပေါင်း ၃၀ဝ ကျော်ထိ သင်တန်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်ရန် ရည်မှန်းချက် ထားရှိပါကြောင်း။
TIDE စီမံချက်သည် ဗြိတိန်အစိုးရမှ ထောက်ပံ့လျက်ရှိသော အဆင့်မြင့်ပညာကဏ္ဍပြုပြင်ပြောင်းလဲ ရေးစီမံကိန်း (SPHEIR) စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ SPHEIR စီမံကိန်းသည် ဗြိတိန်အစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (Department for International Development DFID) မှ တာဝန်ယူ ဆောင်ရွက်ပြီး ဗြိတိသျှကောင်စီ၊ Universities UK International အဖွဲ့ သုံးဖွဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ SPHEIR စီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် ကောင်းမွန်ရန်၊ ပညာရေးကဏ္ဍ လုပ်ဆောင်ချက်များ၊ ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်ရာတွင် ကမ္ဘာနှင့်ရင်ဘောင်တန်း နိုင်စေရန်အတွက် ဗြိတိန်အစိုးရမှ ထောက်ပံ့ပေးထားသော စီမံကိန်းတစ်ခုဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် British သံအမတ်ကြီး Mr.Dan Chugg၊ The Open University မှ Academic Director Professor Andy Lane နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က အမှာစကားပြောကြား ခဲ့ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက္ကသိုလ် စုစုပေါင်း ၂၁ ကျောင်းမှ ဆရာ ဆရာမ သင်တန်းသား သင်တန်းသူ ၂၃၀ ဦး တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ Melia Hotel ၌ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ PTB အဖွဲ့အစည်း တို့ပူးပေါင်းကျင်းပပြုလုပ်သည့် “WORLD METROLOGY DAY 2019” အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
၁၈၇၅ ခုနှစ်၊ မေလ (၂၀)ရက်နေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း(၁၇)နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်တက် ရောက်ခဲ့သည့် မီတာကွန်ဗင်းရှင်း (Metre Convention)ကို ပြုလုပ်ကျင်းပကာ ခေတ်သစ်အတိုင်းအတာဆိုင်ရာ သတ်မှတ်ချက်များကို တစ်ကမ္ဘာလုံး တစ်ပြေးညီဖြစ်စေရေး တိုင်ပင်ဆွေးနွေး၍ အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။ အဆိုပါ မီတာကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်မှာ အတိုင်းအတာစံများ၊ ယူနစ်များကို တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်းမှ တစ်ပြေးညီအသုံးပြု နိုင်ရေးဖြစ်သည်။ ထို့ကြောင့် မေလ(၂၀)ရက်နေ့ကို ကမ္ဘာ့တိကျစွာတိုင်းတာခြင်း နည်းပညာ နေ့(World Metrology Day)အဖြစ် သတ်မှတ်ကာ နိုင်ငံတကာတွင် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.