၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းပြီးမြောက်ခြင်းဂုဏ်ပြုပွဲကျင်းပ


Date : 20 May, 2019

17

GIFMaker.org_phvy0l
နေပြည်တော်၊ မေ၂၀
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက် (၁၀)နာရီတွင် မြင်းခြံဒီဂရီကောလိပ် ဘက်စုံခန်းမ၌ကျင်းပသည်။
ရှေးဦးစွာမြင်းခြံမြို့နယ်၊အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “ပန်းများဝေစီပွင့်ဖူး သည်” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားကိုဖွင့်လှစ်သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်ကအမှာစကားပြောကြားသည်။
ယင်းနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍ မြင်းခြံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးက ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း (၈)မိနစ်ကြာ ဗွီဒီယိုအား ပြသသည်။
ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက မန္တလေးတိုင်း ဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ပေးခဲ့သော တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပူးပေါင်းဆောင်ရွက် ခဲ့သော မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြင်းခြံဒီဂရီကောလိပ်၊ အစိုးရနည်းပညာကောလိပ်(မြင်းခြံ)နှင့် မြင်းခြံခရိုင်ပညာရေးမှူးရုံးတို့အား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်သည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စေတနာဖြင့် လုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့် မြင်းခြံဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာကောလိပ်(မြင်းခြံ)တို့မှ စေတနာလုပ်အားပေး နည်းပြ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ဆက်လက်၍ မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် သင်ယူပြီးမြောက်ခဲ့ကြသည့် (၄)မြို့နယ်မှ စာသင်သားများအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်သည်။
ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် တက်ရောက်သင်ကြားခဲ့သည့် စာသင်သားများ ကိုယ်စားကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားသည်။
ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စေတနာလုပ်အားပေးနည်းပြအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများ ကိုယ်စား နည်းပြ ကျောင်းသားကျောင်းသူများက စာတတ်မြောက်ရေးလုပ်ငန်း အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြင်းခြံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အလင်းရောင်) မှ ကျောင်းသားကျောင်းသူများက “လောကအားမာန်” တေးသီချင်း သရုပ်ဖော်အကဖြင့် ဂုဏ်ပြုဖျော်ဖြေသည်။
ယင်းနောက် မြင်းခြံ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်က အခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေသူများအား ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြသည်။

အလားတူ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်များတွင်လည်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်း အနားများကို ကျင်းပခဲ့ကြသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်များတွင် ရက်ပေါင်း (၄၀)ကြာ ကျင်းပဆောင်ရွက်ခဲ့ရာ စေတနာရှင် လုပ်အားပေးနည်းပြ ကျောင်းသားကျောင်းသူ (၁၅၀ဝ)ဦးက စာသင်သား (၇၄၉၈)ဦးအား အခြေခံမြန်မာစာအရေး၊ အဖတ်နှင့်သင်္ချာအတွက်များ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.