ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


Date : 21 May, 2019

3

GIFMaker.org_WsVjha
ရန်ကုန် မေ ၂၀
ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၆ ခုနှစ် စက်တင်ဘာလ(၁၁)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၃/၂၀၁၆ ဖြင့် ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များအဖြစ် ရန်ကုန်တက္ကသိုလ်တွင် အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားရေးနှင့် ပညာရည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုသည့် ပညာရပ်ဝန်းကျင်ကောင်းများ ပြည့်စုံကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ ရန်ကုန်တက္ကသိုလ်၏ရှိပြီး အဆောက်အအုံများ၊ အခြေခံအဆောက် အအုံများကို ဆက်လက်ထိန်းသိမ်းသင့်သော ရှေးဟောင်းအမွေအနှစ်လက်ရာများ မပျောက်ပျက်စေဘဲ ခိုင်ခံ့ သေသပ်သောအဆင့် ဖြစ်ရေးအတွက် ပြုပြင်မွမ်းမံခြင်း၊ ရန်ကုန်တက္ကသိုလ်၏ ပညာရည်အဆင့် မြင့်မားရေးအတွက် ပြုပြင်မွမ်းမံခြင်း၊ လေ့ကျင့်ပျိုးထောင်ခြင်းလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဖြစ်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံတကာ တက္ကသိုလ်များ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေါင်းစပ်ခြင်း၊ ရန်ကုန်တက္ကသိုလ်ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပညာရည်မြင့်မားရေးလုပ်ငန်းများ ရေရှည်တည်မြဲဖွံ့ဖြိုးစေရေးအတွက် စီမံဆောင်ရွက်ခြင်း၊ လိုအပ်သော ရန်ပုံငွေရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်၊ စေတနာရှင်၊ စိတ်ဝင်စားသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ရန်ပုံငွေများ ထိန်းသိမ်းထားရှိခြင်း၊ သုံးစွဲခြင်း၊ စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို တည်ဆဲဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ ဖြစ်စေရေးအတွက် တာဝန်ခံဆောင်ရွက်ခြင်း၊ လုပ်ငန်းလိုအပ်ချက် နှင့်အညီ လိုအပ်သော လုပ်ငန်းအဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်း တာဝန်(၉) ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထိုု့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးအပ်သည့် ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း တာဝန်များ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်း သာယာရေးအတွက် ဆောင်ရွက်ခြင်း၊ သုတေသန အဆောက်အဦ တည်ဆောက်ခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်ဖြည့်ဆည်းခြင်း၊ အင်တာနက်ဝိုင်ဖိုင် အဆင့်မြှင့်တင်ခြင်း၊ ပင်လုံ စာသင်ဆောင် တည်ဆောက်ခြင်း၊ နိုင်ငံတကာဧည့်ရိပ်သာ တည်ဆောက်ခြင်း၊ (၇)ထပ် ကျောင်းသားအိပ် ဆောင်၊ ကျောင်းသူအိပ်ဆောင် တည်ဆောက်ခြင်း၊ ကျောင်းသားသမဂ္ဂနှင့် ဆရာသမဂ္ဂရုံးခန်းများဖြည့်ဆည်း၍ ဖွဲ့စည်းပူးပေါင်းခြင်း များကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝိဇ္ဇာခန်းမမွမ်းမံပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အဆောက်အဦများ မွမ်းမံပြင်ဆင်ခြင်း၊ တောင်ငူဆောင်၊ မန္တလေးဆောင်၊ ဝေသာလီဆောင်၊ ရာမညဆောင်၊ အမရာဆောင်မွမ်းမံပြင်ဆင်ခြင်း၊ ပဲခူးဆောင်၊ အင်းဝဆောင်၊ စစ်ကိုင်းဆောင်၊ သထုံဆောင်၊ ပင်းယဆောင်များ မွမ်းမံပြင်ဆင်ခြင်း၊ အင်းလျားဆောင်၊ ရတနာဆောင်၊ သီရိဆောင်များ မွမ်းမံပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊
မဟာတန်းကျောင်းသား ကျောင်းသူများမှ ထူးချွန်သူများကို အချိန်ပိုင်း ဆရာ ဆရာမများအဖြစ် တာဝန်ပေး၍ လေ့ကျင့်ခြင်း၊ သုတေသန စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ သိပ္ပံပွဲခင်းများကျင်းပခြင်း၊ ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကျင်းပခြင်း၊ ပညာတော်သင်များ ပိုမိုစေလွှတ်ခြင်း၊ website များ တည်ဆောက်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ လာရောက် ပညာသင်ယူခြင်းများလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
စွမ်းဆောင်ရည်ကောင်းမွန်ပြီး အရည်အသွေးရှိသည့် ပါမောက္ခများပိုမိုခန့်ထားခြင်း၊ နိုင်ငံတကာ သုတေသန စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံခြားပညာတော် သင်များစေလွှတ်ခြင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်များ စီမံခန့်ခွဲဆောင်ရွက်ခြင်း၊ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ် (၆)ခုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ Fisheries and Aquaculture ဘွဲ့ သင်တန်းအသစ် ဖွင့်လှစ်ခြင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်သာမန်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တက္ကသိုလ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊
ထို့ပြင် ပညာရပ်ဆိုင်ရာ မြှင့်တင်မှု (Software) ကော်မတီနှင့် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့် တင်ရေး (Hardware) ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီး Master Plan များ ရေးဆွဲပြုစုဆောင် ရွက်ခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း၊ အင်္ဂလိပ်စာ အရည်အသွေးကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ အိုင်စီတီ ဆိုင်ရာများ ဖြည့်ဆည်းပေးခြင်း၊ wifi အင်တာနက် နှင့် e-library များ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး သင်ကြားသင်ယူမှု ပိုမိုကောင်းမွန်ရေး၊ အသုံးချသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေးနှင့် ပညာရေးအရည်အသွေး ကောင်းမွန်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း ဖြင့်ပြောကြား သည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ပညာရပ်ဆိုင်ရာ မြှင့်တင်မှု (Software) ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဝင့်၊ ရန်ကုန်တက္ကသိုလ် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး (Hardware) ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးညီလှငယ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်တို့က ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.