နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခြေခံပညာ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့ လာရောက်ကြည့်ရှုအားပေး


Date : 21 May, 2019

1

GIFMaker.org_VxpoTO
နေပြည်တော် မေ ၂၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည့် နေပြည်တော် ဒက္ခိဏခရိုင်၏ အခြေခံပညာ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade – 6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့ လာရောက်ပြီး ဆရာ၊ ဆရာများ Grade – 6 သင်ရိုးသစ် သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာသင်ခန်းများအတွင် ပြသထားသည့် သင်ရိုးဟောင်း၊ သင်ရိုးသစ် သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသုံးပြဌာန်း စာအုပ်များ လိုက်လံ ကြည့်ရှုသည်။
ဆက်လက်၍ ဆရာ၊ ဆရာမများ (သင်ရိုးသစ်) Grade – 6 ဘာသာရပ်အလိုက် သင်ကြားပို့ချနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သိပ္ပံနှင့် ကာယပညာဆရာမများ ကိုယ်ကာယ လေ့ကျင့်ခန်း ဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သင်တန်းသားဆရာ၊ ဆရာမများအနေဖြင့် သင်ယူရာတွင် တော်ကြသည်ကို သိရှိပါကြောင်း၊ သင်ယူရာတွင် တော်ကြသကဲ့သို့ သင်ကြားရာတွင်လည်း တော်ကြမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာသင်ချိန်နှင့်ကျောင်းတွင် ပျော်ရွှင်အောင် မည်သို့ဆောင်ရွက်ရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ကလေးများ ကျောင်းသွားရသည်ကို ပျော်မှသာ ပညာတတ်များဖြစ်မည် ဖြစ်ပါကြောင်း၊ မိမိတိုိ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေပါသေး ကြောင်း၊ အဓိကမှာ ပညာရေးစနစ် ဖြစ်ပါကြောင်း၊ ပညာရေးစနစ်မှန်ကန်လျင် အခြား နိုင်ငံများအား ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမှီလိုက်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအား အခြားနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများထက် တစ်မူထူးပြီး တော်စေချင်ပါကြောင်း၊ ကျောင်းစာသာမက စာရိတ္တ ပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်မှု အပိုင်းတွင် တော်စေချင်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ အတူပူးပေါင်းပြီး အစုအဖွဲ့အလိုက် ဆောင်ရွက်ရာတွင် တော်စေချင်ပါကြောင်း၊ မိမိတို့ လူမှုအသိုင်းအဝိုင်း ပျော်ရွင်ရန်၊ တိုးတက်ရန် လုပ်ဆောင်ပေးနိုင်သည့် ကလေးငယ်များကို မွေးထုတ်ချင်ပါကြောင်း၊ အဓိကကျသည်မှာ ဆရာ၊ ဆရာမများဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းသား ဆရာ၊ ဆရာမများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade -6 ကို လာမည့် ပညာသင်နှစ် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် သင်ကြားနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာ အလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမများအား သင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချလျက် ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနား၊ ဇဗ္မူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဆရာ၊ ဆရာမ ၈၁၄ ဦးအား ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ လယ်ဝေးမြို့နယ်မှ ဆရာ၊ ဆရာမ ၇၅၃ ဦးတို့ အားလယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး သင်တန်းများတွင် ကိုယ်ပိုင်ကျောင်းများ မှလေ့လာသူ ၂၆ဦး လာရောက်လေ့လာ သင်ကြားလျက် ရှိကာ သင်တန်းကာလမှာ ရက်သတ္တပတ် (၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် သင်ရိုးသစ် မူလတန်းအဆင့် KG တန်းကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် လည်းကောင်း၊ Grade – 1 ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် လည်းကောင်း၊ Grade -2 ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် လည်းကောင်း သင်တန်းများ သင်ကြားပို့ချခဲ့ပြီး သင်ရိုးသစ် Grade – 3 နှင့် အလယ်တန်း အဆင့် သင်ရိုးသစ် Grade – 6 ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လည်းကောင်း သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ယခင်က သင်ရိုးဟောင်းတွင် သင်ရိုးဘာသာဖြစ်သည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်တို့ကို သင်ရိုးအဖြစ် သတ်မှတ်သင်ကြားပြီး ကာယ၊ ပန်းချီ၊ ဂီတ၊ သက်မွေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝအတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များကို တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးခဲ့ရာမှ ယခုသင်ရိုးသစ်တွင် ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝအတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များကိုပါ သင်ရိုးအဖြစ် သတ်မှတ်သင်ကြားလျက် ရှိကြောင်း သိရသည်။
သင်ရိုးသစ်ဖြင့် သင်ကြားခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းလိုက်နာမှု ပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ် တိုးတက်လာခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ တန်းတူညီမျှမှု စိတ်ဓာတ်ရှိလာခြင်း၊ တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုးတက်လာခြင်းတို့ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ယခုသင်တန်းများတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်များအား သင်ရိုးသစ်များအပြင် ခေါင်းဆောင်မှု အတတ်ပညာကိုလည်း ထည့်သွင်း သင်ကြားပေးလျက် ရှိကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.