ဗဟိုအဆင့် သင်္ချာအိုလံပစ်ဆုပေးပွဲအခမ်းအနားကျင်းပ


Date : 26 May, 2019

DSC_8461

GIFMaker.org_q3B3y1
ရန်ကုန် မေ ၂၆
ကျောင်းသား ကျောင်းသူများ၏ သင်္ချာအတွေးအခေါ်များ တိုးတက်လာစေရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် သင်္ချာပညာရှင်များ ပေါ်ထွန်းလာစေရန်၊ မြန်မာနိုင်ငံ၏သင်္ချာအဆင့် အတန်းမြင့်မားလာစေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်္ချာဘာသာရပ်ကို ပိုမိုအသုံးပြု လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံသင်္ချာအသင်းက ကြီးမှူးကျင်းပသည့် ဗဟိုအဆင့် သင်္ချာအိုလံပစ် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)ရှိ ဒဂုံသီရိခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ အခြေခံပညာရေးစနစ်ကို နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရေးဆွဲခဲ့ပါကြောင်း၊ စာမေးပွဲဖြေဆိုရန် သင်ယူခြင်းထက် သင်ထောက်ကူ ပစ္စည်းများကိုအသုံးပြုပြီး သင်ယူပြီးရင်း သင်ယူသည့် တစ်သက်တာ သင်ယူခြင်းကို ပြုပြင်ပြောင်းလဲလျက် ရှိပါကြောင်း၊ အလွတ်ကျက်မှတ်သော ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နက်နက်နဲနဲ သင်ယူသောစနစ်သို့ ဦးတည်ပြောင်းလဲ နေပါကြောင်း၊ တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းတီထွင် ကြံဆနိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးလျက် ရှိပါကြောင်း။
International Mathematical Olympiad(IMO) ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာတွင် ၂၀၁၆ ခုနှစ် ဟောင်ကောင်၌ ကျင်းပသည့် ၅၇ ကြိမ်မြောက်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဦးဆုံး အကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၉၆ ရရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် Brazil နိုင်ငံ၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် International Mathematical Olympiad(IMO) ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်နှင့် ၂၀၁၈ ခုနှစ်တွင် Romania နိုင်ငံ၌ ကျင်းပသည့် ၅၉ ကြိမ်မြောက် International Mathematical Olympiad(IMO)ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်များ ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၈၅ သို့ တိုးတက်လာခဲ့ပါကြောင်း။
ယခုနှစ်တွင် England နိုင်ငံ၌ ကျင်းပမည့် ၆၀ ကြိမ်မြောက် International Mathematical Olympiad (IMO) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ သွားရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်္ချာ ထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအဆင့် သင်္ချာထူးချွန် စာမေးပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ဗဟိုအဆင့်တွင် ရွေးချယ်ထားသော နဝမတန်းကျောင်းသား ၂၀ ဦးနှင့် ဒသမတန်း ကျောင်းသား ၂၀ ဦးတို့ကို Team Selection Test ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ၆ ဦးကို ရွေးချယ်သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို ၂၀၁၉ ခုနှစ် မေလ ၂ ရက် နေ့မှစ၍ ဇူလိုင်လ ၆ ရက်နေ့ အထိ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် သင်ကြားပို့ချသွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများဖြစ်ကြစေရန် ဆုမွန် ကောင်းတောင်းပါကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသင်္ချာအသင်း ဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အသင်း၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံသင်္ချာအသင်း ဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အလှူရှင်များမှ မြန်မာနိုင်ငံသင်္ချာအသင်းသို့ ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဆုရရှိကြသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ သင်္ချာအသင်း အတွင်းရေးမှူး ဒေါက်တာစောဝင်းမောင်က မြန်မာနိုင်ငံသင်္ချာအသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
England နိုင်ငံ၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည့် ၆၀ ကြိမ်မြောက် IMO ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် စတုတ္ထ အကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.