အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်ပွဲကျင်းပ


Date : 29 May, 2019

02

GIFMaker.org_x2UBDx
နေပြည်တော် မေလ ၂၉

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊အမှုထမ်းများအတွက် အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂) အောင်လက်မှတ်ချီးမြှင့် ပွဲအခမ်းအနားကို ၂၉၊၅၊၂၀၁၉ ရက်နေ့ နံနက်(၁၀)နာရီတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြော ကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်း အနားတွင် ပညာရေးဝန်ကြီးဌာနက ချီးမြှင့်မည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု လက်မှတ်ကို ဝန်ကြီးဌာန(၁၇)ခုမှ အရာ ထမ်း(၆၀)ဦးနှင့် အမှုထမ်း(၅၂)ဦးတို့က လက်ခံရရှိကြမည် ဖြစ်သောကြောင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ကြီးှဌာနများမှ အရာထမ်း၊အမှုထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးအတွက် မဟာဘွဲ့၊ ဒီပလိုမာဘွဲ့နှင့် အောင်လက်မှတ် သင်တန်းများကို ဘဝတစ်သက်တာ သင်ယူလေ့လာမှု အစီအစဉ်ဖြင့် အားပေးဖွင့်လှစ် လျက်ရှိ်ပါကြောင်း၊ သင်တန်းဆရာများနှင့် သင်တန်းသား၊သင်တန်းသူများ၏ ဇွဲလုံ့လဖြင့် သင်ကြားသင်ယူ အောင်မြင်မှုကို အသိအမှတ်ပြုခွင့်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ မိမိတို့ တတ်မြောက်ထားသော အင်္ဂလိပ်ဘာသာစကားစွမ်းရည်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ပြန်လည်၍ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့လုပ်ငန်း ခွင်တွင် အင်္ဂလိပ်စာကို အသုံးချနိုင်သောစွမ်းရည်သည် မိမိအလုပ်ကို ယုံကြည်ချက်အပြည့်ဖြင့် လုပ်ကိုင်နိုင်စွမ်းရှိလာမည်ဖြစ်ပြီး လုပ်ငန်းတွင် အောင်မြင်မှုပိုမို ရရှိလာမည် ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ၏ တိကျသောရည်မှန်းချက်နှင့် ခိုင်မာသော သန္နိဋ္ဌာန်ချကာ အချိန်ပေး၍ လုံ့လဝိရိယဖြင့် ကြိုးစားလေ့လာမှု ကြောင့် မိမိတို့နှင့်ထိုက် တန်သော လက်မှတ်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်လက်၍ မိမိကိုယ်ကို ဘဝတစ်သက်တာ သင်ယူလေ့လာသူ အဖြစ်ခံယူ၍ မိမိ၏အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကိုမြှင့်တင်လျက် နိုင်ငံ့တာဝန်များကို ပိုမိုထမ်းဆောင် သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား၊သင်တန်းသူများအား အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များက သင်တန်းသား၊သင်တန်းသူများအား အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှု လက်မှတ်များ ကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနား ကိုရုတ်သိမ်းလိုက်သည်။
ပညာရေးဝန်ကြီးဌာနသည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၂)ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.