ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲကျင်းပ


Date : 30 May, 2019

DSC_6636

GIFMaker.org_9RMcKo
နေပြည်တော်၊ မေ ၃၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးဌာန၊ ၂၀၁၉ ခုနှစ် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအားကစားလေ့ကျင့်ရေး စခန်းရှိ Gold Medal Hall ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ် (၁) အား ၁၉၈၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် အမှတ်စဉ် (၁၉)ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကာယဆရာဆရာမပေါင်း(၇၈၇၅) ဦး ကိုမွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်းဆင်းမည့် အမှတ်စဉ် (၂၀)တွင် ကာယဆရာဆရာမ (၃၉၉)ဦးကို ထပ်မံမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအားကာယပညာ ဘာသာရပ်နှင့် အားကစားနည်းအခြေခံများကို စနစ်တကျသင်ကြားပို့ချပေးခဲ့ကြသည့် နည်းပြဆရာဆရာမများနှင့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ နည်းပြများအား ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆရာဆရာမများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချလိုက်သည့် ပညာရပ်များကို မိမိတို့တာဝန်ကျသည့် အခြေခံပညာကျောင်းများတွင် ရှိသော ကျောင်းသားကျောင်းသူများအား စနစ်တကျပြန်လည် သင်ကြားပို့ချပေးစေလိုပါကြောင်း၊ ကာယပညာဘာသာရပ်သည် စဉ်ဆက် မပြတ်လေ့လာသင်ယူနေရမည့် ဘာသာရပ်ဖြစ်ပါကြောင်း၊ ဖွံဖြိုးတိုးတက်သောနိုင်ငံများတွင် ကာယပညာဘာသာရပ်ကို အထူးအလေးထား သင်ကြားလေ့ကျင့်ပေးနေကြသည်ကို တွေ့မြင်ရပါကြောင်း၊ သင်တန်းတွင်သင်ကြားပို့ချခဲ့သမျှ သေချာစွာလေ့လာ သင်ယူမှတ်သား ခဲ့ကြသလို စဉ်ဆက်မပြတ် ဆက်လက်လေ့လာ သင်ယူနေကြရန်လည်း တိုက်တွန်းပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလွှာများကို ချီးမြှင့်ပေးအပ်ရာ သင်တန်းသား၊သင် တန်းသူများနှင့် သင်တန်းနည်းပြများက လက်ခံရယူကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းသားစံပြဆုနှင့်သင်တန်းသူစံပြများကိုချီးမြှင့်ပေးအပ်ရာ (ကသ-၃၃) ဦးကျော်ရဲအောင်နှင့် (ကသ-၃၉၃) ဒေါ်ခိုင်ယဉ်မွန်တို့ကလက်ခံရယူကြသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက သင်တန်းကာလအတွင်း လှူဒါန်းခဲ့သော အလှူရှင်များကို ယ်စားအလှူရှင်တစ်ဦးအား ဂုဏ်ပြုလွှာချီးမြှင့်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
၂၀၁၉ ခုနှစ် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀) သင်တန်းအားဧပြီလ(၂၀)ရက်မှ မေလ(၃၀)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.