Myanmar Robo League ပြိုင်ပွဲ(၂၀၁၉ ) အခမ်းအနားကျင်းပ


Date : 1 June, 2019

DSC_9043

GIFMaker.org_Sd8R4W

ရန်ကုန် ဇွန် ၁
ပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီ၊ USAID နှင့် ဖန်တီးရာ Makerspace တို့ပူးပေါင်းကျင်းပသည့် Myanmar Robo League ပြိုင်ပွဲ (၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံ (လက်ဝှေ့)အားကစားရုံ၌ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် မိတ်ဆက်တင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားထုအကြား သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာစွမ်းရည်များ(STEM Skills) နှင့် ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော မြန်မာနိုင်ငံတွင် ပထမဆုံး အကြီးဆုံးမြန်မာ့စက်ရုပ်ပြိုင်ပွဲ (၂၀၁၉)ကို ပညာရေး ဝန်ကြီးဌာန USAID၊ ပါမောက္ခချုပ်များကော်မတီ၊ ဖန်တီးရာအဖွဲ့တို့နှင့် ပူးပေါင်းပံ့ပိုးကျင်းပ ခွင့်ရရှိသည့်အတွက် အထူးပင်ဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်း၊ မြန်မာစက်ရုပ်ပြိုင်ပွဲကြီးအတွက် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၄၆ ကျောင်းမှ လျှောက်လွှာ ပေါင်း ၇၃၆ စောင်ကို လက်ခံရရှိပြီး ယနေ့ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု တက္ကသိုလ်အသင်း ၁၄ သင်းက မိမိတို့ ဖန်တီးတည်ဆောက်ထားသော စက်ရုပ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပါကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အသင်း ၁၄ သင်းအနက် အသင်း ၆ သင်းတွင် အမျိုးသမီးပါဝင်မှု ၅၀% ကျော် ရှိသဖြင့် ဂုဏ်ယူအသိ အမှတ်ပြု ပါကြောင်း။
၂၀၁၇ ခုနှစ်က ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သော 2017 FIRST Global Challenge တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သန့်ရှင်းသောရေ ရရှိရေးအတွက် စက်ရုပ်များ၏ အသုံးဝင်ပုံကို နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှ အဖွဲ့ပေါင်း ၁၆၀ ဝင်ရောက်ယှဉ်ပြိုင်ရာ မြန်မာနိုင်ငံက အဆင့် ၆ ရရှိခဲ့ပါကြောင်း၊ 2018 FIRST Global Challenge ကို မက္ကဆီကိုစီးတီးတွင် ကျင်းပရာ လျှပ်စစ်ထုတ်လုပ်ရေး တွင် စက်ရုပ်များ၏ အသုံးဝင်ပုံကို ယှဉ်ပြိုင်ရာတွင် အဆင့် ၆၄ ရရှိခဲ့ပါကြောင်း၊ 2019 FIRST Global Challenge ကို ဒူဘိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်မှ ၅ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုကဲ့သို့ ပြင်ဆင်ဆောင် ရွက်လျက် ရှိပါကြောင်း၊ နေ့စဉ်ဘဝတွင် စက်ရုပ်များမှာ ပို၍အသုံးတွင်ကျယ် လာနေကြောင်း၊ လူ့အဖွဲ့အစည်း၏အလွှာစုံတွင် စက်ရုပ်အမျိုးမျိုးကို ပေါင်းစပ်အသုံးချရန် အရေးကြီးလာပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ USAID နှင့် ဖန်တီးရာအဖွဲ့တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် စက်ရုပ် ပညာရှင်ကျောင်းသား များအတွက် လိုအပ်သော အရည်အသွေး ၁၀ ရပ်ကို မြှင့်တင်ပေးကာ စက်ရုပ်ပညာရပ်ထွန်းကားလာရေးကို အားပေးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး စကော့အလန် မာစီရယ်လ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်းသည့် ဗီဒီယိုကလစ်အားပြသပြီး ပြိုင်ပွဲဝင်အသင်းများက ယှဉ်ပြိုင်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသည့် အသင်းများကို ဂုဏ်ပြုဆုများချီးမြှင့်ကြရာ Myanmar Robo League Winner Award (2019)ဆုကို ရန်ကုန် အသင်း၊ Best Strategy Award ဆုကို ရခိုင်အသင်း၊ Best Program Award ဆုကို စစ်ကိုင်း အသင်း၊ Best Driving Team Awardဆုကို ပဲခူးအသင်း၊ Best Robot Design Award ဆုကို ကယားအသင်း၊ Most Cooperative Team Award ဆုကို ကရင်အသင်း၊ Most Helpful Team ဆုကို မန္တလေးအသင်း၊ Outstanding Mentor Award ဆုကို ကချင်အသင်းတို့က ရရှိခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တက္ကသိုလ်ကျောင်းသူ ကျောင်း သားများအချင်းချင်းတွေ့ဆုံကာ အသိပညာ ဗဟုသုတများ၊ သင်ကြားထားသောအတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ အချင်းချင်းနားလည် ယုံကြည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုတို့ကို မြှင့်တင်နိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ကျောင်းသား ကျောင်းသူများ ပါဝင်သည့် အသင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယခုပြိုင်ပွဲမှတစ်ဆင့် ဒူဘိုင်းမြို့၌ကျင်းပ ပြုလုပ်မည့် First Global Robotics Competition ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ နိုင်ငံကိုယ်စားပြေု ကျာင်းသားကျောင်းသူများအား ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။



Bookmark the permalink.

Comments are closed.