ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မန္တလေးတိုင်းဒေသကြီးရှိ ပညာရေးမိသားစုများနှင့်တွေ့ဆုံ


Date : 9 June, 2019

DSC_7549

GIFMaker.org_NOVXkl
နေပြည်တော် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ရှိအခြေခံပညာရေး မိသားစုများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၉၊ ၆ ၊ ၂၀၁၉ ရက်နေ့ နံနက်(၈)နာရီတွင် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာ ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများသည် နိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးကသာလျှင် အရည်အသွေးပြည့်ဝပြီး ယှဉ်ပြိုင် စွမ်းရှိသည့် လူသားကောင်းများကို မွေးထုတ် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းသားကျောင်းသူများအားလုံး ၂၁ရာစု အခြေအနေနှင့် လိုက်လျောညီထွေ ရှိသည့် အရည်အသွေးရှိသော ပညာများသင်ယူခွင့် ရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ ပညာရေးစနစ် အောင်မြင်ရေးအတွက် ဆရာ ဆရာမများသည် နံပါတ်(၁) အရေးကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ဆရာဆရာမများ ကျောင်းလုပ်ငန်းခွင်တွင် ပျော်ရွှင် ချမ်းမြေ့စေရန် ကျောင်းအုပ်ကြီးများက အခက်အခဲများနှင့် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာများ လုပ်ငန်းခွင်တွင် ပျော်ရွှင်ချမ်းမြေ့မှုရှိပါမှ အရည်အသွေးရှိသော မျိုးဆက်သစ် လူသားကောင်း များကို ကျောင်းနှင့် စာသင်ခန်းတွင်ပျော်ရွှင်စွာ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများကိုလည်း မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများမှသည် သက်ဆိုင်ရာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများအထိ ဆင့်ကဲဆင့်ကဲ တာဝန်ယူပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးအဆင့်တိုင်းနှင့် ပညာရပ်နယ်ပယ် အသီးသီးတွင် ပညာရေးအဆင့်အတန်း သတ်မှတ်ပြီး အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ်ကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊
ကျောင်းများအနေဖြင့် မိမိတို့ကျောင်း၏ ဆောင်ရွက်ချက်များအား သင်ယူမှုနှင့် သင်ကြားမှု၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ အခြေခံအဆောက်အဦနှင့် အရင်းအမြစ်များ၊ ဘဏ္ဍာရေးနှင့် အသုံးစရိတ်စီမံခန့်ခွဲမှု၊ မိဘနှင့် ရပ်ရွာပူးပေါင်းပါဝင်မှုစသည့် ကျောင်းအရည်အသွေး ကိုယ်တိုင်အကဲဖြတ် ဆန်းစစ်မှုလုပ်ငန်းများဖြင့် စိစစ်သုံးသပ်ရွေးချယ်ကာ အခြေခံပညာကျောင်းများ အရည်အသွေးမြှင့်တင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးတိုင်းကျောင်း ရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့် ပညာဆက်လက် သင်ယူခွင့်ရရှိရေးအတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊
(Grade-3) တတိယတန်း ပြီးသောကလေးတိုင်း မြန်မာစာဖတ်တတ်၊ရေးတတ်ရေး၊ သင်္ချာတွက်တတ်ရေးနှင့် စဉ်းစားတွေးခေါ်မှုကို အားပေး၍ သင်ယူပြီးရင်း သင်ယူချင်စိတ်ဖြစ်ပေါ် နေရေးသင်ကြားသင်ယူမှု ကောင်းမွန်စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေ များကိုလည်း ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် အကျိုးရှိ ထိရောက်အောင် မိဘဆရာအသင်း၊ မိဘများနှင့်ပူးပေါင်း သုံးစွဲရန်လိုပါကြောင်း၊
မြို့နယ်ပညာရေးမှူးများအနေဖြင့် ကျောင်းများ၏ လိုအပ်ချက်များ၊ ဆရာဆရာမများ၏ အခက်အခဲများကို ဂရုတစိုက်လေ့လာ၍ ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်း၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ခြင်းများနှင့် စာကြည့်တိုက်များကို အားပေးဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးအရည်အသွေးကောင်းမွန် လာစေရေးအတွက် အရည်အချင်း ပိုကောင်းသူများကိုသာ တရားမျှတသောယှဉ်ပြိုင်မှုဖြင့် ဆရာဆရာမများအဖြစ် ခန့်ထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အောင်မြေသာဇံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ဆရာ၊ဆရာများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင် ့သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျှက် မန္တလေးပညာရေး ကောလိပ်သို့ ရောက်ရှိကာ ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်နှင့် ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆရာအတတ်ပညာကဏ္ဍ အရည်အသွေးမြင့်မားရေး၊ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ယင်းမှတဆင့် ပြည်ထောင်စုဝန်ကြီးသည်တာဝန်ရှိသူများနှင့်အတူ မန္တလေးတက္ကသိုလ် သုတေသနဌာနသို့ ရောက်ရှိကာ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အဆင့်မြင့်ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.