ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်(မူကြမ်း) အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 10 June, 2019

????????????????????????????????????

GIFMaker.org_P2j37f
နေပြည်တော် ဇွန်၁၀
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်(မူကြမ်း) အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးအကို ၁၀၊ ၆ ၊ ၂၀၁၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရုံး အမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဥရောပသမဂ္ဂ(EU) ကိုယ်စားလှယ်များ၊ သက်မွေးပညာသင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဌာနတာဝန်ခံများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့် သက်မွေး ပညာဆိုင်ရာ(TVET) ပညာရေးကို ပထမတန်းစားပညာရေးဖြစ် အောင်ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ(TVET) ကဏ္ဍများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိသလို အရည်အသွေးမြင့်မားရေးကို လည်းအကောင် အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ သက်မွေးပညာကျောင်း (၆)ကျောင်း အပါအဝင် အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းပေါင်း (၆၆)ကျောင်း အထိ တိုးချဲ့ဖွင့်လှစ်ထားရှိပြီး ဆရာဆရာမဦးရေ (၃၃၃၁)ဦး ရှိနေပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း ဥရောပသမဂ္ဂ(EU)၏ ထောက်ပံ့ မှုဖြင့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာအညွှန်းကိန်း (၁၀)ခုအနက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှု အညွှန်းကိန်း(၄)ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ အညွှန်းကိန်း(၄)ခုအနက် သက်ဆိုင်ရာ ကျောင်းများတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှုဗဟိုဌာနများ (Institution Based Capacity Development Centers-IBCD Centers) အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး တစ်ခုအပါ အဝင်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ၏ MSME လုပ်ငန်းများနှင့် ပြည်တွင်းပြည်ပ စက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ရေး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံနှင့် ပြင်ပအဖွဲ့အစည်းများ ပူးပေါင်း၍ အလုပ်အကိုင်များရရှိအောင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲနိုင်ရေးနှင့် နှစ်အလိုက် လိုအပ်သည့် ဘဏ္ဍာငွေလျာထားမှုများအား စနစ်တကျတင်ပြ၍ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်စေရေး အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ အစည်းအဝေး အား ၁၀၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၁၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ထိုမှတဆင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ရုံးအမှတ်(၅၂)ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်း ထုတ်ပေးနေမှုများကို သွားရောက်လှည့်လည် ကြည့်ရှု၍ ဝန်ထမ်းများနှင့် အမှတ်စာရင်းထုတ်ယူသူများ အားရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်းများကို ဇွန်လ(၁၀)ရက်နေ့မှ စတင်ကာ နေပြည်တော်၊ ရုံးအမှတ်(၅၂)ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်လည်းကောင်း၊ ရန်ကုန်မြို့ အမှတ်(၁၂)ရပ်ကွက်၊ လှိုင်မြို့နယ် အခြေခံပညာကျောင်းသုံး စာအုပ်သိုလှောင်ရုံဝင်းအတွင်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့တွင် လည်းကောင်း တစ်ပြိုင်နက်တည်း စတင်ထုတ်ဝေ ပေးလျက်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ယူရာတွင် အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပေးရေး mobile အဖွဲ့များသည် မန္တလေးမြို့ အထက(၁၄)၊ ရမည်းသင်းမြို့ အထက(၁)၊ တောင်ငူမြို့ အထက(၁)၊ ပဲခူးမြို့ အထက(၁)၊ သာယာဝတီမြို့ အထက(၁)၊ ပုသိမ်မြို့ အထက(၁)၊ ဟင်္သတမြို့ အထက(၁) ကျောင်းများတွင် တစ်ပြိုင်နက်တည်း ထုတ်ဝေပေးလျက်ရှိပြီး ထိုမှတဆင့် ပြည်နယ်နှင့်တိုင်း အသီးသီးသို့ ဆက်လက်ထွက်ခွာ၍ အမှတ်စာရင်းများကို တစ်စောင်လျင်(၄၀ဝ)ကျပ်နှုန်းဖြင့် ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.