နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား


Date : 12 June, 2019

3

GIFMaker.org_JFQJEz
နေပြည်တော် ဇွန် ၁၂
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့်နှီးနှော ဖလှယ် ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြော ကြားသည်။
နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ယနေ့ကျင်းပပြုလုပ် သည့်အခမ်းအနားသည် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့ ဦးဆောင်ကျင်းပသည့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အ ဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဖြစ်ပါကြောင်း၊ အဆိုပါ နှီးနှော ဖလှယ်ပွဲကို နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး “အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန် အကျွံသောက် သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တ ရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွား ကျန်းမာ ရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်း သင်ကြားပေးနိုင်ရေးနှင့် ကျောင်း သား၊ ကျောင်းသူများတွင် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေး” လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးသွားကြမည်ဟု သိရပါကြောင်း။
နှီးနှောဖလှယ်ပွဲ၏ ရလဒ်အနေဖြင့် တစ်နိုင်ငံလုံးရှိ ကျောင်းများ၊ တက္ကသိုလ်များတွင် လုပ်ငန်းများ လက်တွေ့အကောင် အထည်ဖော်နိုင်ရေး သက်ဆိုင်သူများ အားလုံး၊ အထူးသဖြင့် ပညာရေးဝန်ကြီး ဌာနက အလေးထားဆောင်ရွက်သွားကြမည်ဟု မျှော်လင့်ပါ ကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အောက် ဆယ်ကျော်သက်အရေအတွက် ၁၄ ဒသမ ၄သန်းရှိပြီး ၁၅ နှစ်မှ ၂၄ နှစ်အကြားရှိ လူငယ်အရေအတွက် ၉သန်းရှိသည့်အတွက်ကြောင့် ဆယ်ကျော်သက် လူငယ်အရေအတွက်သည် တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်း ရှိပါ ကြောင်း၊ ယခုနှစ်အတွက် ခန့်မှန်းချက်သည် အသက် ၁၅ နှစ်အောက် ၁၅ ဒသမ ဝ၆ သန်း၊ ၁၅ နှစ်မှ ၂၄ နှစ်ကြား ၉ ဒသမ ၄၁ သန်းရှိသည့်အတွက် ဆယ်ကျော်သက် လူငယ်အရေအတွက် (၄၅)ရာခိုင်နှုန်းရှိကြောင်း။
၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းပေါင်း ၄၇,ဝ၀၅ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းပေါင်း ၁,၅၂၇ ကျောင်း နှင့် အခြေခံပညာကျောင်းသား၊ ကျောင်း သူပေါင်း ၉,၁၄၄,၄၆၉ ဦး၊ ဘုန်းတော်ကြီး ကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၉,၉၃၈ ဦး ရှိသည့်အပြင် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူဦးရေသည် လက်ရှိမြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ရှိပါ ကြောင်း၊ ထို့ပြင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ပညာရေး တက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ အခြားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များ၊ သင်တန်း ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင် ကြားလျက်ရှိပါကြောင်း။
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများသည် မြန်မာနိုင်ငံ၏ ကြီးမားသည့် အင်အား တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံအတွက် အရေးကြီးသည့် အနာဂတ်များလည်း ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံကောင်းမွန်စွာ လေ့လာ သင်ယူနိုင်သည့် အခွင့်အရေးများ၊ လုံခြုံ ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ပြည်စုံသည့် ကျောင်းပတ်ဝန်း ကျင်များ၊ ကျန်းမာစွာနေထိုင်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိနိုင်မှသာ ပြည့်စုံ ကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း။
ကျောင်းသားလူငယ်များ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သည့် အခန်းကဏ္ဍကို တာဝန်ယူပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နည်းပညာ များပံ့ပိုးခြင်း၊ ကျန်းမာရေးဝန် ဆောင်မှုများပေးခြင်း စသည့် အခန်း ကဏ္ဍတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နှီးနွယ်ဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် (2016) Myanmar Global School Health Survey –GSHS အရ ၁၃ နှစ်နှင့် ၁၇ နှစ်အကြား ဆယ်ကျော်သက်များတွင် အာဟာရချို့တဲ့မှုနှုန်း ၁၈ ရာခိုင်နှုန်းတွေ့ရပြီး ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန် ခြင်း ၁၀ ရာခိုင်နှုန်းခန့် တွေ့ရှိ ရသည့်အတွက် အာဟာရချို့တဲ့ခြင်းနှင့် အာဟာရ လွန်ကဲသည့် ပြဿနာများ (ဥပမာ- အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် အခြားသော မကူးစက် နိုင်သောရောဂါများ) ဖြစ်ပေါ်နေသည်ကို တွေ့ရပါကြောင်း၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းအရ အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား ဆယ်ကျော်သက် လူငယ်များ၏ ၁၈ ဒသမ ၈ ရာခိုင်နှုန်းက ပိန်လှီနေပြီး ၅ ဒသမ ၂ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်များနေကြောင်း၊ ထို့အတူ ဆယ်ကျော်သက် အရွယ်များတွင် ဆယ်ဦးမှာတစ်ဦးသာ ကိုယ်လက်လှုပ်ရှားမှု အနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ တစ်နေ့လျှင် အနည်းဆုံး(၁)နာရီ လှုပ်ရှားမှု ရှိသင့်သည့် အကြံပြုချက်ကို ပြည့်မီသည်ကို တွေ့ရပါကြောင်း၊ ဆယ်ကျော်သက် လူငယ်ဆယ်ဦးအနက် တစ်ဦးသည် အထီးကျန်ခံစား နေရကြောင်း လည်း တွေ့ရှိရပါ ကြောင်း။
GSHS ကို ၂၀ဝ၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ရလဒ်များကို နှိုင်းယှဉ် ကြည့်ပါက ၂၀ဝ၇ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ၁၀ နှစ်အတွင်း ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာ သည်ကိုတွေ့ရပြီး ခြောက်ဦးလျှင်တစ်ဦးသည် video ကြည့်ခြင်း၊ ဂိမ်းကစားခြင်း စသည့် screen time အသုံးပြုချိန် ပိုများလာသည်ကို တွေ့လာရပါကြောင်း၊ ဆေးလိပ်သောက်သုံးခြင်းသည် ၂၀ဝ၇ ခုနှစ်တွင် နှစ်ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ဖြစ်လာသည်ကိုတွေ့ရပြီး ကွမ်းယာ စသည့် အငွေ့မထွက်သည့် ဆေးရွက်ကြီးသုံးစွဲမှုသည် ၂၀ဝ၇ ခုနှစ်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၈ရာခိုင်နှုန်းအထိ မြင့်တက်လာပါကြောင်း၊ အရက်သောက် သုံးခြင်းသည်လည်း ၂၀ဝ၇ ခုနှစ်တွင် ၁ ဒသမ ၄ရာခိုင်နှုန်းရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၄ ဒသမ ၃ရာခိုင်နှုန်းအထိ များလာသည်ကို တွေ့ရကာ တစ်ဝက်ခန့်သည် အသက် ၁၄ နှစ်မတိုင်ခင် အရက်ကို စတင်သောက်သုံး သည်ကို သိရှိရပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ကျောင်းနှင့် ကျောင်း ပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်း သူများ၊ ပညာရေးမိသားစုများနှင့် မိဘပြည်သူများအကြား ကျန်းမာရေးနှင့် ညီညွတ် သည့် အလေ့အကျင့် ကောင်းများ ပေါ်ထွန်းလာ စေရန် ရည်ရွယ်ချက်ဖြင့် (၁၉၉၆) ခုနှစ်မှစတင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးအဆင့်မြှင့် ကျောင်းမူဘောင် များကို အခြေခံကာ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ချမှတ် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များအဖြစ် ကျောင်းအခြေပြု ကျန်းမာရေး အသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရ ဖွံ့ဖြိုးရေးနှင့် အစားအ သောက်များ ဘေးအန္တရာယ်ကင်းရှင်း ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ အားကစားနှင့်ကာယ လုပ်ငန်း၊ ကျောင်းမှ ပြည်သူအတွင်းသို့ မူမှန်ဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ လူမှုရေးပံ့ပိုးမှုနှင့် နှစ်သိမ့်ဆွေးနွေး အကြံပေးလုပ်ငန်း၊ သင်တန်းနှင့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာ ကျောင်းများတွင် အကောင် အထည်ဖော်လျက် ရှိသော်လည်း ၂၀၁၈ခုနှစ် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် အချက်အလက်များအရ အခြေခံပညာ ကျောင်းများ၏ ၄၂ရာခိုင်နှုန်းသာ ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။
ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးအသိပညာပေးနိုင်သည့် နည်းလမ်း များသည် ကျောင်း ကျန်း မာရေးစောင့်ရှောက်မှု လုပ်ငန်းများမှတဆင့် အသိပညာ ပေးခြင်း၊ “ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်”ကို စနစ်တကျ သင်ကြားပေးခြင်း နှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ဖြစ်သည့် သူငယ်ချင်းများ၊ လူမှုကွန်ရက်များမှ ရရှိခြင်းတို့ပင် ဖြစ်ပါကြောင်း၊ ၎င်းတို့အနက် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်သည် တစ်နေ့ တာ၏ အချိန်တော် တော်များများကို ကျောင်းများမှာပင် ကုန်ဆုံးရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အလွန်အရေးကြီးသည့် သင်ခန်းစာများဖြစ်ပါ ကြောင်း၊ ပညာ ရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ကိုယ်ခန္ဓာကျန်းမာရေး နှင့် စိတ်ကျန်းမာပျော်ရွှင်ရေးအကြောင်း သိရှိနားလည် နေထိုင်တတ်စေရန်၊ ပတ်ဝန်း ကျင်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါများအကြောင်းကိုသိရှိပြီး ကြိုတင်ကာကွယ် တတ်စေရန်၊ ဘဝတစ် လျှောက် လိုအပ်သည့် အခြေခံကျွမ်းကျင်မှု အလေ့အကျင့် ကောင်းများရရှိကာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင်တတ်စေရန် ရည်ရွယ် ပြီး ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများကို ၁၉၉၈ ခုနှစ်မှ စတင်ကာ တွဲဖက် သင်ရိုးဝင် ဘာသာရပ်အဖြစ် သတ်မှတ် ပြဌာန်းခဲ့ရာမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ မသင်မနေရ သင်ရိုးဝင် ဘာသာအဖြစ် သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားလျက်ရှိပါကြောင်း။
ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်သည် နယ်ပယ်အားဖြင့် လူမှုဘဝမှာ ကျွမ်းကျင်စရာ (Social Skills)၊ ထိန်းသိမ်းအစဉ်တို့ ဝန်းကျင်(Environment and Sanitation)၊ ရောဂါကင်းဝေး အာဟာရကျွေး(Disease Prevention and Nutrition)၊ ဆယ်ကျော်သက်အရွယ် သတိ ထားဖွယ်(Sexual and Reproductive Health and Rights)၊ သတိပြုပါ လိင်ရောဂါ (HIV/AIDS)၊ မူးယစ်အန္တရာယ်တို့ကာကွယ် (Drug Use)၊ စိတ်ကျန်းမာရေးလေ့ကျင့်ပေး (Emotional Intelligence) များ ပါဝင်ပါကြောင်း၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်သင်ကြားရာတွင် အသိသညာအခြေပြု (Knowledge-based) သာမက ကျွမ်းကျင်မှု အခြေပြု (Skill -based) သင်ရိုးအဖြစ် ကျောင်းသား၊ ကျောင်းသူများအကြား ပြဿနာ ဖြေရှင်းနိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း၊ လေးနက်စွာ ဆန်းစစ်ဝေ ဖန်နိုင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း၊ ဆက်သွယ်နိုင်ခြင်း၊ မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆက်ဆံခြင်း၊ ကိုယ်ချင်း စာ တရားထားတတ်ခြင်း၊ စိတ်လှုပ်ရှားမှုနှင့် စိတ်ဖိစီးမှုကို ထိန်းချုပ်တတ်ခြင်း စသည့် ကျွမ်းကျင်မှုများရရှိနိုင်ရန် အဆင့်ဆင့် အတန်းလိုက် သင်ကြားလျက် ရှိပါကြောင်း။
သို့သော်လည်း အခြေခံပညာ ကျောင်းများတွင် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်သင်ကြားမှုသည် ဝန်ထမ်းနှင့် သင်ကြားမှုအထောက်အကူပြုပစ္စည်းများ လိုအပ်ချက်၊ ဆရာ၊ ဆရာမများ၊ မိဘ ပြည်သူများ၏ စိတ်ပါဝင်စားမှု မမြင့်မားခြင်း တို့ကြောင့် အားနည်းလျက်ရှိသေးသည်ကို တွေ့ရှိရ ပါကြောင်း။
Comprehensive Sexuality Education ဆိုသည်မှာ လူ့အခွင့်အရေး အခြေခံ သဘောတရားများ၊ ကျား/မရေးရာ (Gender) သာတူညီမျှရှိခြင်းများကို အသက် အရွယ်၊ ဖွံ့ဖြိုးမှုနှင့်လျော်ညီသည့် ပညာပေးခြင်းဖြစ်ပါကြောင်း၊ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ ဆက်ဆံရေးများ၊ တန်ဖိုးထားမှု၊ အခွင့် အရေး၊ ယဉ်ကျေးမှု၊ ကျား/မရေးရာ၊ အကြမ်းဖက်မှုနှင့် လုံခြုံမှု၊ နေကောင်းကျန်းမာနိုင်ရန် မိမိကိုယ်ကို ဂရုစိုက်မှုများ၊ ယောကျာ်းလေးများ၊ မိန်းခလေးများ၏ ကိုယ်ခန္ဓာတည်ဆောက်ပုံ၊ အစိတ်အပိုင်းများနှင့် ၎င်းတို့ အဆင့်ဆင့် ကြီးထွားဖွံ့ဖြိုးလာပုံ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အပြုအမူ များပါဝင်ပြီး ဘဝအတွက် ဆုံးဖြတ်ချက်၊ အထူးသဖြင့် မျိုးဆက်ပွားမှုဆိုင်ရာကိစ္စရပ် များကို ဆုံးဖြတ်ချက်ချရာတွင် ဖြစ်လာနိုင်သည့် အကျိုးဆက်၊ ကောင်းကျိုး ဆိုးကျိုးများ ကို သေချာသိရှိပြီး မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်စေခြင်း မရှိစေဘဲ မိမိဘဝ ကျန်းမာပျော်ရွှင်စေမည့် ဆုံးဖြတ်ချက်များကို ကောင်းမွန်စွာ ချနိုင်ရန်ဖြစ်ပါကြောင်း။
လေ့လာကြည့်မည်ဆိုပါက ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများသည် အကုန်အကျ သက်သက် သာသာနှင့် အကျိုးသက်ရောက်မှုအများဆုံး ကျန်းမာရေး လုပ်ငန်း များဖြစ်သည့်အပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုနှင့် ကျောင်းတက်မှန်မှုကိုလည်း များစွာအထောက်အကူ ဖြစ်စေ ပါကြောင်း၊ အဆိုပါလုပ်ငန်း များဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းနှင့် အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ပါကြောင်း၊ အဓိကအကောင် အထည်ဖော်ဆောင်ရွက် ရမည့် ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်ပါဝင်မှု၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ၏ စိတ်ပါဝင်စားစွာလှုပ်ရှားမှု၊ အခြားနှီးနွယ်ဌာနများ၏ ပူးပေါင်းကူညီမှုများ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပံ့ပိုးမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုများသည် ကျောင်း ကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း။
မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ယခုအခါ မဟာဗျူဟာများ ဆက်လက်ရေးဆွဲကာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တစ်ဦးတစ် ယောက်မျှ မကျန်ရစ်စေဘဲ အားလုံးပါဝင်စေ (No one left behind, inclusiveness)ဆိုသည့် သဘောတရားများအတိုင်း ဆယ်ကျော်သက် (မသန် စွမ်း၊ အစွန်အဖျားနေ၊ ကျောင်းပြင်ပ စသည်ဖြင့်) လူငယ်များအားလုံးပါဝင်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း။
နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားရန် လည်း လိုပါကြောင်း၊ ဥပမာ-၂၀၁၆ ခုနှစ်က ပြဌာန်းခဲ့သည့် ဆေးလိပ်၊ ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ် ရေးဥပဒေတွင် ကျောင်းနှင့် တက္ကသိုလ်များ၌ ဆေးလိပ် သောက်ခွင့် မရှိသည့်အပြင် ကျောင်းပရဝုဏ် အတွင်းနှင့် ကျောင်းပရဝုဏ်မှ ပေ၁၀ဝ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ၊ အသက်၁၈နှစ် မပြည့်သေးသည့် သူကို ဆေးလိပ် ရောင်းချခြင်း (သို့မဟုတ်) ပေးကမ်းခြင်းမပြုရဟု ပါရှိသော်လည်း အရေး ယူခြင်း အားနည်းနေပါကြောင်း။
အရေးကြီးသည့် အချက်တချက်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဆယ်ကျော်သက် လူငယ်များဖြစ်သည့်အတွက် သမားရိုးကျပုံစံများထက် ဆန်းသစ် သည့် နည်းပညာအသစ် အဆန်းများကို ပိုမိုအားသန်သည့်အတွက် သင်ကြားပို့ချပေးရာ တွင် ထိရောက်နိုင်မည့် နည်းလမ်း များကို ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆယ်ကျော် သက်လူငယ်များအတွက် ဆယ်ကျော် သက်လူငယ်များ ကိုယ်တိုင်ပါဝင် သည့် သုတေသန စစ်တမ်းများကို ဆောင်ရွက်ပြီး ၎င်းတို့အတွက် ရေရှည်တည်တံ့မည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အထူးစဉ်းစားရမည်ဖြစ်ပါကြောင်း။
ကျောင်းသားလူငယ်များ၏ ကိုယ်လက်လှုပ်ရှားမှု တိုးတက်လာစေရန်အတွက် ကျောင်းသင်ရိုး ညွှန်းတမ်းပါ ကာယပညာ (Physical Education) အချိန်များတွင် ကျောင်းသား၊ ကျောင်းသူအားလုံး တက်ကြွစွာ ကိုယ်လက်လှုပ်ရှားအားကစားခြင်းနှင့် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်လာနိုင်သည့် အပြင် ဂိမ်းအလွန် အကျွံစွဲလမ်းမှုများ လျော့နည်းသွားနိုင်ပြီး အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အသင်းအဖွဲ့ အလိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ကူညီရိုင်းပင်းစိတ်များ တိုးတက်လာ မည်ဖြစ်ပါကြောင်း။
ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အလုပ်တာဝန်များ ဟုသာ အများစုက သဘောပေါက်နားလည်ကြပါကြောင်း၊ အမှန်တွင် ကျောင်းသားလူငယ်များ၊ ဆရာ၊ ဆရာမများ၊ မိဘများအားလုံးက မိမိတို့၏ ကျန်းမာရေး အဆင့်အတန်းတိုးမြှင့်စေရန် မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ကျောင်းကျန်းမာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်မှ တာဝန်ယူဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများက မိမိတို့သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ပြီး ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျောင်းအခြေပြု ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာန နှင့်ပူးပေါင်းပြီး ဆောင်ရွက်ကြ ပါကြောင်း၊ ထိုသို့ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် အခြေခံအင်အား များဖြစ်သည့် လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အားများ လုံလောက်မှုမရှိသည့်အတွက် အကျိုးရှိသင့် သလောက် မရှိဖြစ်နေ သည်ကို တွေ့ရပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားလူငယ်များ၏ ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံများ သတ်သတ်မှတ်မှတ် ထားရှိပြီး ကျောင်းများတွင် ကျောင်းကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရေး ဝန်ထမ်းများ ခန့်အပ် တာဝန်ပေးရန် လိုအပ်သည်ဆိုသည်ကို တွေ့ရှိရပါကြောင်း။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်၏ အဖိုးတန်သည့် လူသားအရင်းအမြစ်များ ဖြစ်သည့် ကျောင်းသား လူငယ်များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ တိကျသော၊ ပြည့်စုံသော နိုင်ငံတော်အဆင့် မူဝါဒများချမှတ်ပြီး ဆောင်ရွက်ကြရန် လိုအပ်နေသေးသည်ဟု ပြောလိုပါကြောင်း။
ယခုကျင်းပပြုလုပ်သည့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန် အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှတဆင့် “ကိုယ်စိတ် ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် လုပ်ကိုင်သွားကြရန် တိုက်တွန်း လိုက်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေး ဝန်ကြီးများ၊ နှီးနှောဖလှယ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟောပြောပို့ချမည့် ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့် လည်း ကောင်း၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ နေပြည်တော်ရှိ အခြေခံပညာ ကျောင်း များမှ ကျောင်းသားကျောင်းသူများနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်းနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည် တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေး ဝန်ကြီးများ၊ နှီးနှောဖလှယ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဟောပြောပို့ချမည့် ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စား လှယ်များ၊ နေပြည် တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျန်းမာရေးအဆင့်မြှင့်ကျောင်း၊ မူးယစ်ဆေးဝါး အန္တရာယ် ကင်းစင်ပ ပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပွားတတ်သော နောက်ဆက်တွဲ အန္တရာယ်များ၊ ကျန်းမာရေးနှင့် ညီညွှတ်သည့် လူနေမှုဘဝပုံစံများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့ကျရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကျောင်းသား ကျောင်းသူများ ဂိမ်း အလွန်အကျွံ စွဲလမ်းမှု ပပျောက်ရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှု သည်။



Bookmark the permalink.

Comments are closed.