ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားများကျင်းပ


Date : 15 June, 2019

DSC_0134

GIFMaker.org_KKRQ81
ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းများ၊ ဆရာ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများဂုဏ်ပြုပွဲနှင့် National Infrastructure Holdings Co.,Ltd မှ လှူဒါန်းသည့် ကျောင်းဆောင်သစ် များအား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကော့မှူး မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ကော့မှူး)မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းအရ ၃၁.၄၄ ရာခိုင်နှုန်းဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းမှာ ၃၂.၆၃ ရာခိုင်နှုန်း၊ ကော့မှူးမြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃.၇၇ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးဖြစ်ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦး ဖြစ်သဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူ ပြည်သူများအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ သို့သော် စာမေးပွဲမအောင်သည့် ကျောင်းသား ကျောင်းသူများအတွက် စိတ်မကောင်း ပါကြောင်း၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများလည်း မျှော်မှန်းသလိုဖြစ်မလာ၍ အားရကျေနပ် မည်မဟုတ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ရန်အတွက် အခြေခံကျသည့် အချက်များမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာတွဲ ရွေးချယ်မှုမှန်ကန်ရန် လိုပါကြောင်း၊ ဆရာ ဆရာမများ၏ အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့် ဘာသာရပ်ကိုက်ညီပြီး ဘာသာရပ် အရည်အသွေးပြည့်ဝ၍ သင်ကြားသင်ယူ မှုနည်းလမ်းကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း၊ မိဘအုပ်ထိန်ုးသူ ပြည်သူများနှင့် ပူးပေါင်း၍ စနစ်တကျ  သင်ယူလေ့လာရန်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဝါရင့် ဆရာ ဆရာမများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ ဟောပြောပို့ချခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများကို ပိုမိုကူညီပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကလေးများ ကျောင်းစာသင်ခန်းတွင် ပျော်ရွှင်စေရန်အတွက် ဆရာ ဆရာမများအနေဖြင့် သင်ယူရာတွင် တော်ဖို့လိုပါကြောင်း၊ ဆရာ ဆရာမများ ပျော်ရွှင်မှုရှိရန် လည်းလိုအပ်ပြီး ဆရာ ဆရာမ များ၏လူမှုစီးပွားအခြေအနေကို ပိုမိုမြှင့်တင်ပေးရန်လည်း လိုအပ်ပါကြောင်း၊ အထူးသဖြင့် ကလေးများနှင့် သင်ယူရန် အခက်အခဲရှိသော ကလေးများသည် စာသင်ခန်းတွင် မပျော်နိုင်ကြပါကြောင်း၊ ယင်းတို့ကို ပျော်ရွှင်စေရန်နှင့် သင်ယူတတ်မြောက်မှု ကောင်းမွန်စေရန် ဆောင်ရွက်ပေးရာတွင် အခက်အခဲများရှိနိုင်ပါ ကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများ၏ မွန်မြတ်သော စိတ်ထားနှင့် ခံယူချက်ဖြစ်သော စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ ဆောင်ရွက်ပေးနိုင်သော ကျွမ်းကျင်မှု၊ စိတ်ဓာတ်မြင့်မားမှု၊ အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ပေးလိုမှု၊ တစ်သက်တာသင်ယူလိုသော စိတ်ဓာတ်များ အားကောင်းရန်လိုအပ်ပါကြောင်း၊ သို့မှသာ အခက်အခဲများ၊ မပြည့်စုံမှုများနှင့် စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း။
ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းထွက်နှုန်းလျော့နည်း စေရေးနှင့် ကျောင်းသား ကျောင်းသူတိုင်း အထက်တန်းပညာ သင်ယူပြီးမြောက်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံ သင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်မှုရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက် တတ်သော လူသားကောင်းများ ဖြစ်စေရန် လေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်တတ်စေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင် ပေးရန်လိုအပ်ပါကြောင်း၊ လူငယ်များ၏ဆန်းသစ် တီထွင်ဖန်တီးလိုသော စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးစေ လိုပါကြောင်း။
ကျောင်းများတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို လေးစားတန်ဖိုး ထားတတ်စေရန် အားပေးမြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူခြင်းမျိုး မဟုတ်ဘဲ စာမေးပွဲရမှတ် များများရရှိရန် အလွတ်ကျက်မှတ် သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်း သင်ယူတတ်စေရန် အလွတ်ကျက်ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နက်နက်နဲနဲသင်ယူသော ပညာရေးစနစ်သို့ပြောင်းလဲ သင်ကြားသင်ယူကြရမည် ဖြစ်ပါကြောင်း၊ ဆရာဗဟိုပြု သင်ကြားနည်းစနစ်မှ စုပေါင်း၍ Project များပြုလုပ်သည့် ကျောင်းသားဗဟိုပြုသင်ကြားနည်းဖြင့် ပြောင်းလဲ သင်ကြား သင်ယူကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များ ထားရှိပြီး စနစ်တကျအသုံးပြုတတ်စေရန် လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သင်ထောက်ကူပစ္စည်းများ အသုံးပြုသင်ကြားပေးကြရန်နှင့် အားကစားချိန်များတွင် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် ကျောင်းအလိုက် လိုအပ်လျက်ရှိသည့် စာသင်ခန်း၊ သန့်စင်ခန်းများ၊ ပရိဘောဂပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာအုပ်များ၊ အားကစားပစ္စည်းများ၊ သောက်သုံးရေလိုအပ်ချက်များကို စနစ်တကျစာရင်းပြုစု တင်ပြကြစေလိုပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်၍ နှစ်စဉ် ဦးစားပေး အစီအစဉ်အလိုက် ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့က အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း က ဂုဏ်ပြုပွဲ ကျင်းပရခြင်းအတွက် ဝမ်းသာပီတိစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းဆောင်သစ် လှူဒါန်းခဲ့ကြသည့် ကျောင်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကော့မှူးမြို့နယ်အတွင်းရှိ လိုအပ်သော ကျောင်းများအတွက် ဗလာစာအုပ်နှင့် ကျောပိုးအိတ်များအား ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် အောင်ချက် ရာခိုင်နှုန်း(ပထမ)ဆု ရရှိသည့် အထက(ကျုံဒရယ်)၊ ဒုတိယဆုရရှိသည့် အထက (ကညင်ငူ)၊ တတိယဆုရရှိသည့် အထက(ကျိုက်ထော်) ကျောင်းတို့ အားဂုဏ်ပြုဆုများချီးမြှင့်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ထူးချွန်ဆု ရရှိသည့် ဆရာ ဆရာမ(၂၄)ဦးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်းခွဲ (ညောင်ကုန်း) ကျောင်းဆောင်သစ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားကြသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော် အောင်မြင်ရေးအတွက် ကဏ္ဍတစ်ရပ် ဖြစ်သည့် ကျောင်းနေအရွယ် ကလေးများ၊ လူငယ်များအခြေခံပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေ ရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကလေးလူငယ်တိုင်း ခံစားခွင့်ရရှိစေရန်၊ ကျောင်းနေအရွယ် ကလေး လူငယ်တိုင်း ကျောင်းအပ်နှံရေး အခွင့်အလမ်းများ တိုးတက်ရရှိစေရေး၊ ကျောင်းအပ်နှုန်း မြင့်မားစေရေးနှင့် ကျောင်းထွက်မှုနှုန်း လျော့ကျစေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နှစ်ပေါင်းများစွာ ပညာရေးကဏ္ဍတွင် အားနည်းနေခဲ့သဖြင့် ကျောင်းနေအရွယ် ကလေးများကျောင်း နေနိုင်ရန် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ စုစည်းအင်အားဖြင့် ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင်ခုံများ စသည်တို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ပြည်သူ့အစိုးရ တာဝန်ယူသည့် အချိန် မှစ၍ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ဆရာဆရာမများ ခန့်ထားခြင်း၊ ကျောင်းစာသင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်၊ အားကစား၊ သောက်ရေသုံးရေ၊ သန့်စင်ခန်းများ ဖြည့်ဆည်းပေးခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကို အားပေးမြှင့်တင်ခြင်း၊ KG +၁၂ တန်း အခြေခံ ပညာရေးစနစ်နှင့် အခမဲ့အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာသင်ဆောင်ပေါင်း ၄၅၁၂၉၊ မူလတန်းပြဆရာဦးရေ ၅၀၈၂၀၊ အလယ် တန်းပြဆရာဦးရေ ၂၂၃၃၁၊ အထက်တန်းပြ ဆရာဦးရေ ၁၁၃၅၀ တို့လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းဆောင်များ၊ ဆရာများ ဖြည့်ဆည်းပေးနေသော်လည်း လိုအပ်ချက် များရှိနေသေးသဖြင့် အလှူရှင်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လှူဒါန်း ထောက်ပံ့မှုသည်လည်း အရေးကြီးပါကြောင်း၊ ယနေ့ National Infrastructure Holdings Co.,Ltd မှ ၉၀ ပေ × ၃၀ ပေ RC တစ်ထပ် ကျောင်းဆောင်(၄)လုံး ဆောက်လုပ်လှူဒါန်းခြင်းသည် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍတို့၏ စုပေါင်း အင်အားဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်းခြင်းဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အလှူ ရှင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မုဒိတာ စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများကို မဖြစ်မနေတက် ရောက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ကျောင်းဆောင် များပေးအပ်လှူဒါန်းခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ချလုံခြုံသည့် စာသင်ခန်းများဖြင့် ပညာ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍနှင့် သက်မွေးပညာကဏ္ဍများကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် စာမသင်ကြားနိုင်သူ များကို လူတိုင်းစာတတ်မြောက်စေရန် ကျောင်းပြင်ပပညာရေး လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူကလေးများသည် နိုင်ငံ၏အနာဂတ်များ ဖြစ်သည့်အတွက် ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်စေတနာဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခြေခံပညာမူလတန်းလွန်ကျောင်း (ကျုံဖာ)၌ ကျင်းပသည့် ကျောင်းဆောင်သစ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.