ဖျာပုံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ခြင်း အခမ်းအနားကျင်းပ


Date : 23 June, 2019

3

GIFMaker.org_H0y43n
ရန်ကုန် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ ကျောင်း၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်ကလေးတိုင်း အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိ်ရေး အတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့် ရရှိရေးအတွက် ယခုပညာသင်နှစ်တွင် သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီခြင်း သို့မဟုတ် တစ်ဆင့်မြင့်ကျောင်းနှင့် သွားလာရေးအဆင်ပြေသည့် မြေပြန့်ဒေသတွင် ကွာဝေးသည့်ခရီးမိုင်(၃)မိုင် သို့မဟုတ် သွားလာရေး ခက်ခဲသည့် မြစ်၊ ချောင်း၊ တောင်တန်း ဒေသတွင် ခရီးမိုင်(၂)မိုင် သတ်မှတ်မှုအရ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ က လိုအပ်ချက်အရ ထောက်ခံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွက် ကျောင်း(၅၂၅)ကျောင်းတိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပြီး ဖျာပုံမြို့နယ်တွင် (၁၀ဝ) ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း။
ဖျာပုံမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ကောင်းမွန်သည့်အတွက် မှတ်တမ်းတင်ရှိပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် အခြေခံကျသည့် အချက် များမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လိုပါကြောင်း၊ ဆရာ ဆရာမ များ၏အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့်ဘာသာရပ်ကိုက်ညီပြီး ဘာသာရပ်အရည်အသွေး ပြည့်ဝ၍ သင်ကြား သင်ယူမှုနည်းလမ်းကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း၊ အထက်တန်း သိပံ္ပဘာသာတွဲကိုလည်း အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပံ္ပဘာသာများတွင် ထူးချွန်ကြသည့် ကျောင်းသား ကျောင်းသူများကသာ ဝါသနာပါရှိ ပါကသင်ယူသင့်ပြီး အလယ်တန်းသင်ယူပြီးမြောက်သည့်အခါတွင် ဘီ၊ စီနှင့်အောင်မြင်သူ များ အနေဖြင့် ဝိဇ္ဇာ ဘာသာတွဲနှင့်သိပ္ပံပေါင်းစပ်ထားသည့် ဘာသာတွဲတစ်ခုခုကိုသာ ရွေးချယ်သင်ယူသင့်ပါကြောင်း။
အထက်တန်းပညာ သင်ယူပြီးမြောက်၍ လုပ်ငန်းခွင်သို့မဝင်ရောက်မီ လုပ်ငန်းခွင်အတွက်လိုအပ်သည့် သက်မွေးသင်တန်းများကို ကျွမ်းကျင်မှုရရှိစေရန် သင်ယူလေ့ကျင့်ပြီးမှသာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းများရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် ၂၁ ရာစုနှစ် စက်မှုတော်လှန်ရေး ၄.ဝ အရ မှတ်ဉာဏ်တု နည်းပညာများဖွံ့ဖြိုး တိုးတက်လာသည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် လယ်ယာလုပ်ငန်းခွင်နှင့်ပတ်သက်သည့် သက်မွေးသင်တန်းများ၊ ငါးမွေးမြူရေးနှင့် သက်ဆိုင်သည့် သက်မွေး သင်တန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ သင်တန်းများ၊ တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ သင်တန်းများ၊ ဈေးကွက်စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ သင်တန်းများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများဆိုင်ရာ သင်တန်းများ စသည်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်အတွက် လူသားကောင်းများဖြစ် လာစေရန်၊ ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ပြီး ပရော်ဖက်ရှင်နယ်ပီသစွာဖြင့် အကောင်း ဆုံးတီထွင်ဖန်တီးနိုင်ရန်အတွက် အရည်အသွေးရှိသော ပညာရေးနှင့် သင်ကြားသင်ယူ လေ့ကျင့်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အပြန်အလှန် နားလည်ကူညီတတ်စေရန်၊ ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ သန့်ရှင်းရေး လုပ်ငန်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ကျောင်းတော်ကြီးမှ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာဒေသအစိုးရ အဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးစေလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက မုဒိတာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများအား ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြူကြူဝင်းက ကျောင်းအထိမ်းအမှတ်အလံများပေးအပ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖျာပုံမြို့နယ်အတွင်းရှိ လိုအပ်ချက်ရှိသော ကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူသည်။
ယင်းနောက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ မိဘဆရာအသင်း နာယက ဦးမျိုးမြင့်က မိဘဆရာအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ဖျာပုံမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလ တန်းကျောင်းအုပ် ဆရာ ဆရာမများနှင့် ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် တို့က အမှာစကား ပြောကြားကြသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းကျောင်း သားအားလုံး ဖတ်တတ်၊ ရေးတတ်၊ တွက်တက်ပြီး မူလတန်းပညာသင်ယူပြီးမြောက်စေရန် အဓိကထားဆောင် ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် အဟာရပြည့်ဝမှု၊ ကျန်းမာကြံ့ခိုင်မှု မတူညီကြသည့်အတွက် သင်ယူတတ်မြောက်မှု အရည်အသွေးလည်း ကွာခြားမှုရှိနိုင်ပါကြောင်း၊ သင်ယူတတ်မြောက်မှု နည်းသည့် ကလေးငယ်အားလုံးကို သင်ယူတတ်မြောက်မှု ကောင်းလာစေရန်အတွက် မသန်စွမ်းသည့် ကလေးငယ်များကို သင်ယူတတ်မြောက်စေရန်အတွက် ဆရာ ဆရာမများ ပျော်ရွှင်မှုရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်စေရန် စေတနာ၊ ဝါသနာ၊ အနစ်နာခံ စိတ်ဓာတ် အပြည့်ဖြင့် တရားမျှတစွာ ဘက်မလိုက်ပဲ အတွေ့အကြုံများဖြင့် မူလတန်းကျောင်းသား ကျောင်းသူများအားလုံး သင်ယူတတ်မြောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများက ပညာရေး ကဏ္ဍနှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့် စပ်လျဉ်း၍ မေးမြန်းတင်ပြကြသည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.